Monday, December 1, 2008

ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်ခဲ့သော လယ်မြေများကို နအဖတပ်များ အနိုင်ကျင့် ဆက်လက် သိမ်းယူနေ



12/1/2008

မောင်ရမ္မာ၊ ခိုင်မင်းမူ (နိရဉ္စရာ) ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် ဒေသဆိုင်ရာ အာဏာပိုင်များက ဒေသခံတောင်သူ လယ်သမားများထံမှ လယ်မြေများကို မကြာသေးမီက စတင်ပြီး ဆက်လက်သိမ်းယူနေကြောင်း သိရ သည်။

အမည် မဖေါ်လိုသူ လယ်သမား တဦးက “တိုင်းမှူးအမိန့်နဲ့ဆိုပီးတော့ မယကနဲ့ မြေစာရင်းဦးစီးဌာနက တာဝန်ရှိသူတွေလာပြီး

နိုဝင်္ဘာလ ၁၅ ရက်နေ့က ကျနော်တို့လယ်မြေတွေကို လာတိုင်းပါတယ်။ တိုင်းပြီးတာနဲ့ အလံနီတွေကို စိုက်ထူလိုက်ပါတယ်။ ပီးတော့ ခင်ဗျားတို့လယ်မှာ ကျန်နေတဲ့စပါးတွေကို အမြန်သိမ်းပါဆိုပီး ပြောသွားပါတယ်”ဟု ပြောသည်။

ယခု လမ်မြေသိမ်းဆည်းခံနေရသည့် ကျေးရွာများမှာ စစ်တွေ-ရန်ကုန်ကားလမ်း တလျှောက် တွင် တည်ရှိကြသော သရက်ချို၊ ကံဇောက်၊ အောင်ဖြူပင်၊ ပဲသူနန်း၊ ယိုးငု၊ ပန်းနီလာ၊ ကြံခင်း၊ တောင်နားရွာ၊ ကျေးတောနှင့် ယိုးတရုတ်စသည့်ကျေးရွာများဖြစ်ကြသည်။

“လွန်ခဲ့တဲ့နှစ်ကလဲ ကျနော်တို့ရွာက လယ်မြေတွေကို စစ်တပ်က သိမ်းပြီးတော့ မြေပဲနဲ့ နေကြာစိုက်ခိုင်းပါ တယ်။ မိုးရာသီရောက်တော့ သိမ်းသွားတဲ့ ကိုယ့်လယ်ကို စစ်တပ်က ကိုယ်ပြန်ငှားပီး စပါးစိုက်ရပါ တယ်။ အခုနှစ်မှာတော့ လယ်ပိုင်ရှင်တွေကို မဌားဘဲ အပိုင်သိမ်းသွားပြီ ဆိုတဲ့ သတင်းတွေထွက်နေတဲ့အတွက် ကျနော်တို့ လယ်သမား တွေအနေနဲ့ အထူးစိတ်မကောင်းဖြစ်နေကြပါတယ်”ဟု သူကဆက်ပြောပြသည်။

ယခင်နှစ်က အာဏာပိုင်များက ဒေသခံလယ်သမားများထံမှ လယ်မြေများကိုသိမ်းယူပြီး အဆိုပါ မြေတွင် လယ်သမားများကို မြေပဲနှင့် နေကြာပင်များစိုက်ခိုင်းကာ မိုးရာသီရောက်လျှင် သိမ်းဆည်းထားသည့် လယ်မြေ များကို ပြန်လည်ငှားရမ်းပြီး စပါးစိုက်ပျိုးခွင့် ရရှိခဲ့သော်လည်း ယခုနှစ်တွင် အပြီးပိုင် သိမ်းယူ သွားသည်ဟု ဒေသ အတွင်း သတင်းများထွက် ပေါ်နေသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် အာဏာပိုင်များက ၂၀၀၅ ခုနှစ်ကတည်းက “ဘဲငါးရာတောင်ခြေ လယ်မြေဧက ၁၀၀၀ ဖေါ်ထုတ်ရေးစီမံကိန်း”ဟုဆိုကာ ဒေသအတွင်းရှိ လယ်သမားများထံမှ လယ်မြေနှင့်ဥယျဉ်ခြံမြေများကို အဖိုးအခ တစုံတရာ မပေးဘဲ အပြီးအပိုင်သိမ်းယူကာ ရော်ဘာခင်းများနှင့် ကြက်ဆူပင်များ စိုက်ပျိုးထားကြောင်း စုံစမ်းသိရှိရသည်။

1 comment:

Who said...

လယ်ယာမြေတွေကို နိုင်ငံတော်ကပိုင်ပါတယ်
မည်သည့်အသင်းအဖွဲ့ ၊ တစ်ဦးတစ်ယောက်ချင်းစီက ပိုင်ဆိုင်သည်မဟုတ်ပါ။
နိုင်ငံတော်အာဏာကိုထိန်းချုပ်ထားသောမည်သည့် အသင်းအဖွဲ့ ၊ ပါတီမဆို လွတ်လပ်စွာစီမံခန့် ခွဲခွင့်ရှိပါသည်။

Post a Comment

ယခင် သတင်းများ ဖတ်ရန်