Thursday, February 11, 2010

အလကားလည်း စားသေး လူလည်းရန်လုပ်..မိစ္ဆာယုတ်တွေ

စစ်သားများဝိုင်းရိုက်၍ စားပွဲထိုး ၂ ဦး ဒဏ်ရာပြင်းထန်
ကျော်ခ | ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၁ ရက် ၂၀၁၀ ခုနှစ် ၁၂ နာရီ ၂၃ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ အမြောက်တပ်မှ စစ်သားများက အုပ်စုလိုက် ရိုက်နှက်၍ ဒဏ်ရာရှိသူ ကျောက်ပန်းတောင်းမြို့မှ စားပွဲထိုးဝန်ထမ်း ၂ ဦးမှာ အရေးပေါ် လူနာအဖြစ် ကုသမှုခံယူနေရသည်။

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့အထွက်၌ ပုပ္ပါးတောင်ကလပ်သို့ သွားသည့် လမ်းမကြီးဘေး ဖွင့်ထားသည့် “ဆည်းဆာ” စား သောက်ဆိုင်တွင် ယခုလ ၇ ရက်နေ့ ညဦးပိုင်းက အမြောက်တပ် ၇၀၇ မှ တပ်မှူး အဆင့်ရှိသူ ၂ ဦးနှင့် စားပွဲထိုးများ ပိုက်ဆံမရှင်းသည့် ကိစ္စဖြင့် အချင်းများပြီးနောက် စစ်သားများက လူစုပြီး တကျော့ပြန်လာကာ ဆိုင်တံခါးပိတ် ရိုက်နှက်ခဲ့သည်။

ဒဏ်ရာ အပြင်းအထန်ရသွားသော မောင်ဝင်းထိန်နှင့် မောင်ဝင်းညွန့်တို့အား မြို့နယ် ဆေးရုံတွင် အရေးပေါ် လူနာအဖြစ် ကုသထား ရသည်။

“လာတုန်းက အရပ်ဝတ်နဲ့ လာစားတာ။ စားပွဲထိုးတွေက ဝိုင်းထိုးလို့ ပြန်သွားပြီး ည ၁၀ နာရီခွဲလောက်မှာ စစ်ကားကြီးတစီး အပြည့် အယောက် ၃၀ ကျော် ၄၀ နီးပါး လောက်ရှိတယ်။ အကုန်လုံး စစ်ဝတ်စုံနဲ့ပဲ။ စားနေတဲ့ ဧည့်သည်တွေကို ပြန်ခိုင်းပြီးတော့ စားပွဲထိုးလေး တွေကို ထွက်ပေါက်ပိတ်ပြီး ရိုက်တာ” ဟု မြို့ခံ တဦးက မဇ္ဈိမကို ပြောသည်။

အခင်း ဖြစ်ပွားမှုတွင် အမြောက်တပ် ၇၀၇ မှ တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း ကျောက်ပန်းတောင်း မြို့နယ် ရဲတပ်ဖွဲ့ရုံးက အတည်ပြု ဖြေကြား ခဲ့သော်လည်း နာမည်နှင့် ရာထူးများအား ဖြေကြားရန် ငြင်းဆိုခဲ့သည်။ စခန်းသို့ အမှုဖွင့် တိုင်ကြားထားခြင်း မရှိသေးသလို စစ်တပ် ပါဝင်ပတ်သက် နေသောကြောင့် ရဲက အမှုကို ကိုင်တွယ်ရန် လက်တွန့်နေသည်။

တပ်မ ၇၀၇ မှ တာဝန်ကျ တပ်သားတဦးကလည်း “အဲဒီနေ့က ကျနော် ဂျူတီကျနေလို့ ရန်ဖြစ်တဲ့ကိစ္စ ကျနော် အတိအကျ မသိရသေး ပါဘူး။ တပ်က အရာရှိတွေတော့ သွားကြတာတော့ ရှိတာပေါ့လေ” ဟု မဇ္ဈိမကို ပြန်လည် ဖြေကြားခဲ့သည်။

ကျောက်ပန်းတောင်း မြို့နယ်ဆေးရုံ တာဝန်ကျ ကျန်းမာရေး ဝန်ထမ်းတဦးက “ကောင်လေးတွေက ယောက်ျားလေး ခွဲစိတ် ဆောင် ထဲမှာပါ” ဟု ပြောသော်လည်း အသေးစိတ်ပြောရန် ငြင်းဆိုသည်။

လူနာများကို တွေ့မြင်ခဲ့သူ တဦးကမူ “ အရမ်း ထိထားတာပေါ့။ မျက်နှာနဲ့ ခေါင်းနဲ့ ညိုမဲစွဲပြီး ဖူးရောင်နေတယ်။ လက်မောင်းတွေလဲ ကျေနေတယ်။ အောက်ပိုင်းတွေတော့ ဘာဖြစ်လဲ မသိဘူး” ဟု မဇ္ဈိမကို ပြောသည်။

“အရင်တုန်းက ဒီလိုမျိုး ဝင်ရိုက်တာ တခါမှ မရှိဘူးသေးဘူးဗျ။ အခုဟာက အရပ်သားမဟုတ်ဘဲ စစ်ဝတ်စစ်စားနဲ့ ပေါ်တင်ဝင်ရိုက် တာကိုး။ ဒီသတင်းက တမြို့လုံး ဟော့နေပြီ။ ရဲကလည်း တပ်နဲ့ ဖြစ်တာဆိုတော့ မဝင်ရဲဘူး ဖြစ်နေတဲ့သဘောတော့ ရှိတယ်” ဟု သူကဆက်ပြောသည်။

“ဆည်းဆာ” စားသောက်ဆိုင်ပိုင်ရှင်သည် ဒေသအာဏာပိုင်များနှင့် ရင်းနှီးသူတဦးဖြစ်ပြီး ဆိုင်တွင် စင်တင်တေးဂီတနှင့် အမျိုးသမီးငယ် များလည်း ထားရှိကြောင်း သိရသည်။

(ကိုဝိုင်း တည်းဖြတ်သည်။) http://www.mizzimaburmese.com/news/inside-burma/4774-2010-02-11-06-13-12.html

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်