Friday, February 12, 2010

Ideas & Ideals Art Gallery အကြောင်း

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ မှာ ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖွင့်လှစ်ပြသတဲ့ မြန်မာအနုပညာရှင်များရဲ့  Ideas & Ideals အနုပညာပြပွဲနဲ့ ပတ်သက်ပြီး သိလိုတဲ့အတွက် ပြပွဲတွင် ပါဝင်သူ ပန်းချီ – ဒီဇိုင်း ကိုမျိုးနဲ့ လောကအလှတို့ စကားပြောဖြစ်ခဲ့ကာ လောကအလှ မှ ကိုမျိုးအား အခုလို မေးမြန်းခဲ့ပါတယ်။

New York မြို့မှာ ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖွင့်လှစ်ပြသခဲ့တဲ့ မြန်မာအနုပညာရှင်များရဲ့  Ideas & Ideals အနုပညာပြပွဲ ပွဲစီစဉ်ခဲ့ပုံလေးကို ပြောပြပါဦး။ ဘယ်လို ရည်ရွယ်ချက်နဲ့ စီစဉ်ပြသခဲ့တယ်ဆိုတာလည်း ရှင်းပြပေးပါဦး။

နယူးယောက်မှာကျင်းပတဲ့ Ideas & Ideals အနုပညာပြပွဲ စီစဉ်ခဲ့ကြပုံက စီစဉ်သူ ကိုကျော်စွာသန့် နဲ့ ပန်းချီချောအိသိမ်းတို့က New York Open Centre က ဒါရိုက်တာနဲ့ တွေ့ဆုံခဲ့ကြပြီးတော့ နယူးယောက်မှာ
နေထိုင်တဲ့ မြန်မာလူမျိုးပန်းချီဆရာတွေ အားလုံးကို စုစည်းပြီးတော့ မြန်မာ့ဓလေ့ ယဉ်ကျေးမှု အနုပညာလက်ရာအစုံကို နိုင်ငံခြား သားတွေ သိမြင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ စီစဉ်ပြုလုပ်ခဲ့ပါတယ်။

ကိုကျော်စွာသန့်နဲ့ မချောအိသိမ်းတို့က စတင် အကောင်အထည်ဖော်ပြီးတော့ မြန်မာ့ယဉ်ကျေးမှု ဓလေ့ လက်ရာအစုံစုံကို နယူး ယောက်မှာရှိတဲ့ အနုပညာမြတ်နိုးသူ နိုင်ငံခြားသားတွေကို ပြသခွင့်ရခဲ့ပါတယ်။
Connection between Myanmar people and Americans ဖြစ်သွားခဲ့ပါတယ်။ အထူးသဖြင့် ခုလိုမျိုး မြန်မာပန်းချီဆရာတွေ၊ ဓာတ်ပုံဆရာတွေ စုစုစည်းစည်းပြုလုပ်တဲ့ ပြပွဲမျိုး အမေရိကားမှာ မရှိခဲ့ဖူးဘူး။
ဒါ ပထမဦးဆုံးလည်း ဖြစ်တယ်။ နောက်ပြီး ဒီလို အခြေအနေ အခင်းအကျင်းလေးကနေ ဒီထက် ပိုမိုပြီး ကျယ်ပြန့်မယ့် သဘော ဆောင်မယ့် မြန်မာ့အနုပညာနဲ့ ယဉ်ကျေးမှု ဓလေ့တွေကို နိုင်ငံခြားသားတွေ သိစေချင်၊ သိသွားနိုင်အောင်အစပျိုး အရှိန်ယူ တဲ့ သဘောလည်း သက်ရောက်ပါတယ်။

အခုလည်း ပြပွဲ ဖွင့်လှစ်တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ကဆို မထင်မှတ်လောက်အောင် နိုင်ငံခြားသားတွေနဲ့ အမေရိကား အနယ်နယ် အရပ်ရပ်က မြန်မာမိသားစုတွေ လာရောက်ကြည့်ရှုအားပေးကြတာ
လူဦးရေ (၃၀၀) ကျော်သွားပြီး ပြပွဲခန်းမ ပြည့်လျှံအောင် အားပေးကြတာ တွေ့ရပါတယ်။ အနုပညာရှင်တွေအားလုံးလည်း ၀မ်းသာ ပီတိဖြစ်ရတာ အတိုင်းမသိပါပဲ။

ဘယ်လို အနုပညာလက်ရာမျိုးတွေကို ခင်းကျင်းပြသပါသလဲ။

ခင်းကျင်းပြသတဲ့ လက်ရာတွေကတော့ Watercolour ၊ Acrylic ၊ Oil Paintings ၊ Photos & Abstract Structures နဲ့ ပန်းချီဆရာမ ချောအိသိမ်းရဲ့  life performance တို့ဖြစ်ပါတယ်။
ဒီ ပြပွဲမှာ မြန်မာပန်းချီဆရာတွေ အားလုံးက မိမိတို့ အိမ်တွင်းဖြစ် မြန်မာမုန့်ပဲသွားရေစာ၊ မြန်မာလက်ဘက်ရည်၊ မြန်မာ့ရိုးရာ လက်ဘက်တို့ဖြင့်လည်း တည်ခင်းကျွေးမွေးခဲ့ပါတယ်။

အနုပညာရှင်ပေါင်း ဘယ်နှစ်ယောက်ပါဝင်ကြပါသလဲ။

အနုပညာရှင်တွေကတော့ အမေရိကားမှာ အခြေချ နေထိုင်လျက်ရှိကြတဲ့ ပန်းချီဆရာ၊ ဓာတ်ပုံဆရာတွေ စုစုပေါင်း ၁၇ ယောက်ဖြစ်ပါတယ်။

အနုပညာပြပွဲပြုလုပ်ရခြင်းနောက် အကျိုးဆက် ဘယ်လိုတွေ ရှိလာမယ်လို့ မျှော်မှန်းပါသလဲ။

အခုလို အနုပညာပြပွဲ ပြုလုပ်ခြင်း နောက်ဆက်တွဲ၊ အကျိုးဆက် မျှော်မှန်းချက်တွေက ကိုယ်ချစ်မြတ်နိုးတဲ့
အမိမြန်မာနိုင်ငံ ရဲ့  ယဉ်ကျေးမှု ၊ ဓလေ့ ၊ အနုပညာတွေကို လူမျိုးခြားတွေ ပိုမို သိစေခွင့်ရစေချင်တာရယ်၊ မြန်မာ့အနုပညာနဲ့ အနုပညာရှင်တွေဟာ
နေရာအသီးသီးမှာ ရောက်ရှိနေကြပေမယ့် အခြားနိုင်ငံများမှ အနုပညာရှင်တွေကို ရင်ဘောင်တန်းနိုင်တယ်ဆိုတဲ့ လုပ်ဆောင်ခွင့် ကျယ်ကျယ်ပြန့်ပြန့် အခြေအနေထိအောင် ရောက်အောင် ထိုးဖောက်နိုင်ဖို့ မျှော်မှန်းပါတယ်။
ကျွန်တော် ကိုယ်တိုင်ကလည်း ဒီနိုင်ငံကို ရောက်ရောက်ချင်း ကျောင်း ၄ နှစ်တက်ပြီးတော့ ဘွဲ့ရရှိပြီးတော့ အနေနဲ့ အသက်မွေးဝမ်းကျောင်းပြုပြီးတော့ တစ်ဘက်ကလည်း
ကိုယ်တတ်တဲ့ ပန်းချီပညာနဲ့လည်း ပန်းချီကားလေးတွေ ဆွဲဖြစ်ရင်း ဒီလို စုစည်းတဲ့ အနုပညာပြပွဲလေးမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။

နောက်ထပ် ဒီလို အနုပညာပြပွဲတွေလုပ်ဖို့ရော အစီအစဉ်ရှိပါသလား။

ဟုတ်ကဲ့။ နောက်ထပ်လည်း ဒီလိုမျိုး ပြပွဲလေး ပန်းချီအနုပညာရှင်တွေ စုစုစည်းစည်းနဲ့ ပြုလုပ်ပေးဖို့ အခြားမြို့ က ကမ်းလှမ်းမှုတွေ ရှိနေပြီဆိုတာလည်း ဒီပြပွဲကို စီစဉ်သူ ပန်းချီဆရာမ ချောအိသိမ်းက ပြောပါတယ်။
အားလုံး ခြုံငုံပြောရရင် ဒီပွဲလေးဖြစ်မြောက်အောင်မြင်သွားတာ ပန်းချီဆရာ၊ အနုပညာရှင်တွေ အားလုံးက အတိုင်းမသိ ဝမ်းသာ ပီတိဖြစ်ရပါတယ်။
အားလုံးစုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ အရောင်အသွေးစုံလင်လှတဲ့ အနုပညာပြပွဲလေးတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒီပြပွဲကို ပြသချိန် တစ်လ တိုးမြှင့်လိုက်ပြီးတော့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာတော့ မြန်မာလူမျိုးမဟုတ်တဲ့ လူမျိုးခြားတွေ အတွက် သီးသန့် ပြပွဲ ဖွင့်လှစ်ပြသပါမယ်လို့ ပြခန်းပိုင်ရှင်က စီစဉ်လို့
ကျွန်တော်တို့ အနုပညာရှင်တွေအားလုံး အတိုင်းမသိ ဝမ်းသာကြရပါတယ်။
အခုလိုဖြေကြားပေးတဲ့ ကိုမျိုးကို လောကအလှမှ ကျေးဇူးတင်ရှိပါတယ် ရှင်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်