တရားလို့ပြောဖို့အတွက် မတရားတာကို အရင်သိဖို့ လိုပါတယ် ။ ဘယ်ဟာတွေက မတရားတာတွေလဲ ဆိုတာကိုသေခြာ နားလည် သဘောပေါက်မှ အဲဒါတွေရဲ့ ဆန့်ကျင်ဖက်ဖြစ်တာတွေကို တရား လို့ ပြောရမှာ ပဲဖြစ်ပါတယ် ။ မတရားတာတွေကို မတရားဘူးလို့ သေခြာမသိသေးသူတွေဟာ မိမိနဲ့ တသားထည်းဖြစ်နေတဲ့ မတရားခြင်းများကို မသိနိုင် မမြင်နိုင်ပါဘူး ။ အဲဒီအတွက်ပဲ မပယ်နိုင်တဲ့ အတွက် လုပ်နေကျပြောနေကျ တွေး နေကျ ခေါက်ရိုးကျိုးနေတဲ့ အမှုတွေကို မတရားမှုတွေပါလို့ မသိနိုင်တဲ့အတွက် ပျော်ပျော်ပါးပါး ၀မ်းသာအားရ အားထုတ်လုပ်ဆောင်ကြပါတယ် ။ မတရားဘူးလို့မသတ်မှတ်ပါဘူး ။
(လုပ်နေကျအလုပ် ဖြစ်လို့ ပေါ့ပေါ့ပါးပါး လုပ်ကြတာပါပဲ)
လုပ်နေကျအလုပ်ကို အမှားတွေလို့မသိနိုင်ပဲ ကိုယ့်ဥပါဒါန်နဲ့ ကိုယ်အမှန်ပဲထင်ပြီး လုပ်နေရင်းနဲ့ပဲ သံသရာ အဆက်ဆက် အဲဒါကို ကျွမ်းကျင်လိမ္မာပြီး ၀ါသနာ အလေ့ အထုံ အမွေ့တဆင့်ထက်တဆင့်တက်ပြီး စရိုက် အဖြစ် ရောက်ရှိလာပြီး အသက်ရှင်တဲ့ ဘ၀ တလျှောက် အဲဒီစရိုက်နဲ့ ဘ၀ကို ပုံဖေါ်ပြုစု တည်ဆောက်လို့ ဘ၀ခရီးကို နောက်သွားမဲ့ သံသရာခရီးအထိ ဒီကျွမ်းကျင်ပြီးသားစရိုက်နဲ့ ခရီးဆက်ကြတာပါပဲ ။
အမှား လို့ဆိုရမဲ့ မတရားဆိုတာကတော့ ဗုဒ္ဓဘာသာဝင်တို့မွေးလာကတည်းက သညာထဲမှာ စွဲနေအောင် မှတ်ထားတဲ့ ( လောဘ ၊ ဒေါသ ၊ မောဟ ) ဆိုတဲ့ ဟေတု (ဟိတ်) ထိုက်တဲ့ တရားဆိုးတွေပါ ။
စကားလုံးအရ အသံအရ “လောဘ” ဆိုတာကို အလွတ်ရနေပေမဲ့ ၊ သညာနဲ့ မှတ်သိထားတော့ ဒီလောဘကို ဘယ်လိုဆိုတာ နက်နက် နဲနဲ ဉာဏ်နဲ့သဘောပေါက်မသိနိုင်ရင်ဖြင့် ၊မကောင်းဘူးလို့ ပြောပြောနေပြီး ဘယ် လိုဘယ်ပုံ ဘယ်လောက် ရွံစရာ ကြောက်စရာ ကောင်းအောင် မကောင်းမှန်းမသိတော့လောဘရဲ့ မတရားမှု ကို လက်ခံထားမိပြီး အရေးမကြီးသလို လုပ်နေကျအတိုင်း ‘ လောဘ’ ဦးစီးပြီးလုပ်တော့တာပါပဲ ။
သိသလိုနဲ့ တကယ်မသိတော့ ပါးစပ်ကမကောင်းဘူပြောပြီး လက်တွေ့မှာ စရိုက်ထဲရောက်နေပြီးသား လောဘ နဲ့ပဲ လုပ်နေကျအ တိုင်းလုပ်မိနေကြတာပါပဲ ။ လုပ်နေကျအတိုင်း ဒေါသနဲ့လုပ်တာပါပဲ ။
လုပ်နေကျအတိုင်း ပညာမဲ့စွာ မောဟဦးစီးတဲ့ လောဘ ဒေါသ စရိုက်နဲ့ဘ၀ခရီးကိုလျောက်နေကြတာပါပဲ ။
အဲဒါတွေဟာ မတရား တွေပါ ။ အကုသိုလ် စရိုက်ဆိုးတွေပါ ။ အကျဉ်းမျှနဲ့ဒီလိုပဲ ဆိုပါရစေ ။
ဒါတွေက မတရား တွေဆိုရင် တရားတာတွေက ဘာတွေလဲဆိုတော့ မတရားရဲ့ ဆန့်ကျင်ရာသည် တရားပါပဲ လို့ ဆိုရမှာပါ ။ လောဘ ဒေါသ မောဟ တို့ရဲ့ ဆန့်ကျင်ဖက်က ( အလောဘ ၊အဒေါသ ၊ အမောဟ )
အဲဒီဟာတွေကို (တရား) မှန်ကန်တဲ့ ကုသိုလ်တရားတွေ လို့ ဖွင့်ဆိုပါရစေ ။
တရားကို တနည်းပြောဆိုလို့ရပါတယ် ။
ကုသိုလ်တရား အကုသိုလ်တရား အားလုံးဟာ တရားတွေချည်းပဲလို့ ဆိုနိုင်ပေမဲ့ ။ တရားနဲ့အညီနေထိုင်ခြင်း တရားရှိခြင်း ဆိုတဲ့သဘောမှာတော့ အလုံးစုံသောကုသိုလ် အကုသိုလ် တွေနဲ့ နေထိုင်ခြင်းလို့ ယူလို့မရပါဘူး။
သဘောပေါက်လွဲနိုင်တဲ့ အချက်ပါ ။
ဒါကြောင့် တရား နဲ့နေထိုင်ခြင်း မတရားနဲ့နေထိုင်ခြင်း များရဲ့ သဘောကို ဖွင့်ဆိုခြင်းဖြစ်ပါတယ် ။
တနည်းဆိုရရင် ..မတရားဆိုတာ ( အဓမ္မ ) ဖြစ်ပြီး တရားဆိုတာက ( ဓမ္မ ) ကိုဆိုခြင်းမျှသာပါ ။
မတရားတာကို မတရားဘူးလို့ သေခြာမသိရင် မတရားမှုတွေကို မပယ်နိုင်ပဲအချိန်နဲ့အမျှ လုပ်မိနေပြီး
ကိုယ်ဟာ မတရားတဲ့သူ ရဲ့ အဖြစ်နဲ့ ဘ၀မှာ အကုသိုလ် အလုပ်တွေကို တဏှာ ၊ မာန၊ ဒိဋ္ဌိ တို့က ပုံဖေါ် ထားတဲ့ ( ငါ ) ဆိုတာကြီး ဦးစီးပြီး ပျော်ပျော်ကြီး (ငါ) ကြီးထွားဖို့ လုပ်တော့တာပါပဲ ။
ပါးစပ်က ဘုရား ဘုရား ။ လက်က ကားယား ကားယား ဖြစ်ကုန်တာပေါ့ ။
ဒီလိုအဖြစ်မျိုးတွေ လျော့ပါးလာဖို့က ဗုဒ္ဓဒေသနာတွေထည်းမှာအရေးအကြီးဆုံးဖြစ်တဲ့ ( အပ္ပမာဒ )
ဆိုတဲ့ မမေ့ မလျော့ မပေါ့ မဆ တဲ့ သတိနဲ့ နေထိုင်ခြင်း အကျင့်ကိုကျင့်ရမှာဖြစ်ပါတယ် ။
ဘာလုပ်လုပ် ကိုယ့်စိတ်ကလေးကို ကိုယ်ပြန်ကြည့် လိုချင်တာလေးပါနေသလား ။
မကျေနပ်တာလေးပါနေလား ငါ လိုလူဆိုတဲ့ မာန်လေးဝင်နေသလား ။ အဲဒါလေးတွေကို ပြန်ပြန်ပြီးစစ်ကြည့်ပါ။ အစမှာ သေခြာမသိသေးပေမဲ့ အလေ့အကျင့်ဆိုတဲ့ အာသေ၀န ပစ္စည်းတပ်လာရင် တဖြည်းဖြည်း ထင်ထင် ရှားရှား အဲဒီလောဘ ရဲ့ သဘောသဘာဝလေးတွေ ဒေါသရဲ့သဘာဝလေးတွေ မာနရဲ့ သဘာဝလေးတွေ မြင် လာ မယ် ။ ဉာဏ်အားက လိုက်လာရင် ပိုလို့ ထင်ရှားလာမယ် ။ လောဘကို သေခြာဉာဏ်နဲ့ သိမြင် လာရင် ။ ဘယ်လောက်တောင်မှ ဆိုးရွားတဲ့သဘောရှိတယ်ဆိုတာကို သဘာဝကျကျ သိလာမယ် ။ ဖြစ်ခွင့် လည်းတဖြည်းဖြည်း နည်းပါးလာမယ် ဆိုတော့ သူ့ရဲ့ အင်အားကလည်း လျော့ပါးလာမယ် ။ အာရုံ လာတိုက်တဲ့ အချိန်တိုင်း သူက ဦးမဆောင်နိုင်လောက်အောင် အင်အားချိနဲ့လာတဲ့အချိန်ကို တချိန်မှာ ရောက်ရှိလာမှာပါပဲ ။
ထိုနည်း နှင်နှင် ဒေါသလည်းပါးလာပြီးအားနည်းပြီး ဦးမဆောင်နိုင်အောင် ချိနဲ့ လာမှာပါ ။
လောဘ အားနည်းလာရင် အလောဘက အားကြီးလာမှာပါ ။ သူတို့က ဆန်းကျင်ဘက် တွေ ဆိုတော့ ၊ ဒေါသ အားနည်းလာရင်လည်း အဒေါသ အားကောင်းလာပါပြီ ။ စိတ်ဖြစ်တိုင်း သိ ပေးနေတဲ့ သတိ အပ္ပမာဒ ကလည်း မောဟကို အင်အားနည်းစေပြီး အမောဟ ဆိုတဲ့ ပညာကို အားကောင်းစေမှာပါ ။ သိရုံမျှမဟုတ်တော့ပဲ သေသေ ခြာခြာ သိတဲ့အဆင့် ရလာမှာပါ ။
အဲဒီလိုဖြစ်လာတာနဲ့အမျှ အကောင်းအဆိုး အကြောင်းအကျိုး (ဓမ္မ နဲ့ အဓမ္မ ) အမှားနဲ့ အမှန် ဝေဖန်ပိုင်းခြား တဲ့ ဉာဏ်ပညာအားနဲ့ ဘ၀ခရီးကို မှန်ကန်စွာ လျှောက်လှမ်းနိုင်တဲ့ ဘ၀နေနည်းကို ရလာမှာပါ ။
အဲဒီ ဘ၀နေနည်း နဲ့ နေထိုင်ခြင်းကို တရားနဲ့ နေထိုင်ခြင်းလို့ဆိုပြီး ။ အဲဒီလို နေထိုင်နိုင်သူကို တရားရှိသူ လို့ခေါ်ပါတယ် ။ ဒီလိုနေဖို့ အမြဲမပြတ်သတိကပ်ပြီး ကျင့်ကြံ့အားထုတ်နေသူကိုတော့ တရားအားထုတ်သူလို့ ဆိုရမှာပါ ။
ကဲ ဒီတော့ ဘာလဲဟဲ့ ( တရား ) ဘယ်လိုနေမှ (တရား) ဘယ်လိုကျင့်မှ(တရား) ခေါ်မှာလဲ။
ကိုယ်တရားတာလုပ်တယ် မလုပ်ဘူးဆိုတာသိဖို့ မလုပ်ခင်ဖြစ်လိုက်တဲ့ စိတ်ကိုကြည့်ကြစို့ ။
လိုချင်နေတဲ့ လောဘရဲ့သဘောလေးပါနေသလား ။ မနှစ်သက်တဲ့ ဒေါသ သဘောလေးပါနေသလား။
ထောင်လွှားတဲ့ မာနသဘောလေးပါနေသလား ။ မနာလိုတဲ့ ဣဿာ သဘောလေးပါနေသလား ။
ဝန်တိုခြင်း မစ္ဆရိယ သဘောလေးပါနေသလား ။ အဲဒါလေးတွေကို စစ်ပြီး တရားသလား..
မတရား ဘူးလား ကိုယ့်ကိုယ်ကိုယ် အဖြေ ထုတ်လိုက် ကြစို့ ။
(တရားတာလုပ်မှ တရားမယ် ၊ မတရားတာလုပ်ရင် မတရားဘူး )
(ပါးစပ်နဲ့ တရားအားမထုတ်နဲ့ ၊ လက်တွေ့တရားတာလုပ်ပြီး တရားအားထုတ် )
(တရားတဲ့ စိတ်ကလေးဖြစ်ရဲ့လားလို့ စိတ်ကိုအရင်စစ် လောဘ ဒေါသ မာန ……ဒါတွေပါနေသလား )
ကမ္ဘာမြေကြီး ငြိမ်းချမ်းစေဖို့ ။ ( အများနားလည်နိုင်ရန် အကျဉ်းမျှဖေါ်ပြခြင်းသာ ၊ ပြည့်စုံသည်ဟုမဆို )
မေတ္တာဖြင့်
( အ.ဘ.ယ )

No comments:
Post a Comment