Friday, December 19, 2008

လူတွေ ထီမထိုးနိုင်၊ ရန်ကုန် ထီဆိုင်ကြီးတွေ အရှုံးခံရောင်း

NEJ/ ၁၉ ဒီဇင်ဘာ ၂၀၀၈
line


ရန်ကုန်ရှိ ထီဆိုင်ကြီးများမှ ထီများအား အရှုံးခံရောင်းချနေကြောင်း ထီဆိုင်များကို မေးမြန်းချက်အရ သိရသည်။

“ကိုယ်စားလှယ်ယူတဲ့ သူတွေကို တစောင်ကို (၁၅၀) ကျပ်နဲ့ပေးပါတယ်။ အစိုးရဆီကယူတဲ့ ဈေးနှုန်းထက် လျှော့ပြီး ရောင်းချပေးတာပါ။ များများ ရင်းနှီးထားတဲ့သူ များများရှုံးမှာပဲ” ဟု အောင်ဆုထူးပိုင် ထီဆိုင်၏ အရောင်းတာဝန်ခံတဦးက ပြောသည်။

ထီဆိုင်ကြီးများမှ ကိုယ်စားလှယ်ယူရောင်းသူများကလည်း အစောင် (၃၀) ပါ မင်္ဂလာစုံတွဲ ထီတအုပ်လျှင် (၅,၅၀၀) ကျပ်ဖြင့်

ရောင်းချလျက်ရှိသည်။

“ထီဆိုင်ပိုင်ရှင်တွေက သူတို့ဆိုင်မှာတင်ပြီး ရောင်းရင်တော့ တစောင်ကို (၂၀၀) ကျပ်နဲ့ ရောင်းတယ်။ ကိုယ်စားလှယ်ကို (၁၅၀) ကျပ်နဲ့ရောင်းတယ်။ ဒီလက သိန်း (၁,၀၀၀) ထီစပြီး ပြောင်းလဲတဲ့ စမ်းသပ်ကာလပါ။ အဲဒီစမ်းသပ်ကာလမှာပဲ စီးပွားရေးတွေက မကောင်းကြဘူး။ လူတွေက ထီပေါက်ချင်ပေမယ့် ထီတစောင်ကို (၂၅၀) ကျပ်၊ (၃၀၀) ကျပ်နဲ့ မထိုးနိုင်ကြဘူးလေ။ အဲဒီတော့ လက်ပွေ့သမားတွေ၊ ထီကိုယ်စားလှယ်တွေကို ဈေးချပေးမှသာ ထီထိုးနိုင်ကြမှာမို့လို့ အခုလို အရှုံးခံရောင်းတာ ဖြစ်ပါလိမ့်မယ်” ဟု မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေ၏ ထီကိုယ်စားလှယ်များက ပြောသည်။

“ထီတအုပ် (အစောင် ၃၀) ကို (၇၀၀) ကျပ်လောက် အရှုံးပေါ်တယ်ဗျာ။ အစိုးရကတော့ ရမယ့်အခွန်ငွေတွေ ရပြီးသား။ သူတို့က အသားတင်ကျန်တာပေါ့လေ။ ကျနော်တို့လို လုပ်ငန်းရှင်တွေကတော့ ဒီလမှာ လုံးဝရှုံးတာပဲ” ဟု အမည်မဖော်လိုသူ ထီလုပ်ငန်းရှင်တဦးက ပြောသည်။

ယခု ထီရောင်းအားကျ၍ အရှုံးခံရောင်းချရာတွင် အစိုးရအနေဖြင့်လည်း မည်သည့် ပြဿနာမှ မရှိကြောင်း၊ ကိုယ်စားလှယ်များအနေဖြင့်လည်း တက်ဈေး၊ ကျဈေးအတိုင်း ရောင်းချနိုင်ပြီး ထိခိုက်မှုမရှိကြောင်း၊ သို့သော် ထီလုပ်ငန်းရှင်များမှာ များစွာအထိနာ အရှုံးပေါ်ကြောင်း သိရသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်