Monday, December 1, 2008

HIV/AIDS ရောဂါဝေဒနာသည်များ ကုသရန် ဆေးဝါးအလုံအလောက် မရှိ

Mon 01 Dec 2008, ကျဲဂို၊ ရိုင်မရော
မွန်ပြည်နယ်အတွင်း၌ HIV/AIDS ဝေဒနာခံစားနေရသူ လူအများစုသည် ၄င်းရောဂါနှင့် ပတ်သက်သော ဆေးဝါးကုသမှုများကို HIV/AIDS ဝေဒနာများအား ကူညီစောင့်ရှောက်နေသော အဖွဲ့အစည်းအများစုထဲမှ နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားများအဖွဲ့ IOM သာလျှင် HIV/AIDS ဝေဒနာရှင်အနည်းစုကို ဆေးဝါးကုသမှုပေးနိုင်သည်။

“ကျမတို့အဖွဲ့ကနေပြီးတော့ ကူညီစောင့်ရှောက်ပေးနေတဲ့ လူနာ အယောက် ၄၀ လောက်က လုံးဝ ဆေးမရဘူး။ ဒါကြောင့် နှစ်သိမ့်ဆွေးနွေးတာ လောက်ပဲ ကူညီပေးနိုင်တယ်။ ဒါပေမယ့် ၂၀၁၀ ခုနှစ်မှာ ဆေးဝါးတွေကို ပေးမယ်လို့ အလှူရှင်အဖွဲ့တွေက ပြောပါတယ်'' ဟု အေစ်ရောဂါသည်ကူညီနေသူတစ်ဦးက ပြောသည်။

မုဒုံမြို့နယ်အတွင်းရှိ နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားများအဖွဲ့မှ အဖွဲ့သားတစ်ဦး၏ပြောပြချက်အရ "HIV/AIDS ရောဂါဝေဒနာ ခံစားနေရသူတွေအတွက် ကျမတို့အဖွဲ့ကနေ ကူညီပေးနေပါတယ်၊ ဆေးဝါးတွေလည်း ပေးနေပါတယ်။ ဒါပေမယ့် ဆေးက ရောဂါရှိသူ အားလုံးအတွက် လုံလုံလောက်လောက်မရရှိဘူး၊ ရောဂါအခြေနေဆိုးသူတွေ အတွက်ပဲပေးနိုင်တယ်၊ IOM မှာလည်း အဲဒီ ART (Anti-retroviral Therapy ) ဆေး လုံလုံလောက်လောက်မရှိဘူး'' ဟု ပြောသည်။

ART ဆေးရရန် ကြိုးစားနေသည့် HIV/AIDS ရောဂါဝေဒနာများကို ကူညီနေသူတစ်ဦးက ''မြို့ပေါ်မှာရှိနေတဲ့ လူနာတွေကို ဆေးဝါးတွေပေးပြီးတော့ ရွာမှာရှိနေတဲ့ လူနာတွေအတွက် အကူအညီမပေးတော့ဘူးလား။ ဒီအတိုင်းပဲထားတော့မှာလား''ဟု HIV/AIDS ရောဂါသည်နှင့် ပတ်သက်သည့် အစည်းအဝေးတွင် ၄င်းက ပြောခဲ့သည်။

HIV/AIDS ရောဂါခံစားနေရသူများမှာ ရွာတိုင်းလိုလိုတွင် ရှိနေပြီး ရောဂါကူးစက်သည့် အရေအတွက်မှာလည်း ပိုများလာသည်ဟု အေစ်ရောဂါ သည်ကူညီနေသူက ပြောသည်။ ထိုကဲ့သို့ ဝေဒနာသည်များမှာ ပိုမိုများပြားလာသော်လည်း ဆေးဝါးအလုံအလောက် မရရှိမှုကြောင့် အသက်ဆုံးရှုးံခဲ့သူများလည်း မြောက်မြားစွာ ရှိခဲ့သည်။

''ကျိုက်မရောမြို့နယ်က ရွာဥက္ကဌလည်း သူတို့ကျေးရွာမှာ ရောဂါကူးစက်တာ များလာတယ်။ ဘယ်လိုလုပ်ရမလဲလို့ အကူအညီတောင်းတာလည်း ရှိတယ်။ ကျမတို့မှာက ငွေကြေးမတတ်နိုင်လို့ နှစ်သိမ့်ဆွေးနွေးတာလောက်ဘဲ လုပ်ပေးနိုင်တယ်'' ဟု ၄င်း အေစ်ရောဂါသည်ကူညီနေသူက ဆက်ပြောသည်။

HIV/AIDS ရောဂါဝေဒနာခံစားနေရသူများသည် မွန်ပြည်နယ်အတွင်းရှိ မုဒုံမြို့နယ်မှ ၁၅ ကျေးရွာ၊ သံဖြူဇရပ်မြို့နယ် ၁၅ ကျေးရွာ၊ ရေးမြို့နယ် ၁၆ ကျေးရွာ၊ ကျိုက်မရောမြို့နယ် ၁၀ ကျေးရွာ၊ မော်လမြိုင်မြို့နယ် ၅ ကျေးရွာ၊ ဘီလင်းမြို့နယ်မှ ၁၅ ကျေးရွာ စုစုပေါင်းကျေးရွာ ၇၆ ရွာမှ HIV ရောဂါဝေဒနာခံစားနေရသူ စုစုပေါင်း ၅၀၀ ကျော်မှာ လက်ရှိစာရင်းရှိပြီးသား ဖြစ်သည်။ လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်တွင် ၄၅ ရွာသာရှိပြီး ရေးမြို့နယ်နှင့် ဘီလင်းမြို့နယ်တို့ ထပ်မံတိုးပွားလာခဲ့သည်။

''မုဒုံမြို့နယ်အတွင်းမှာ ရွာ ၁၅ ရွာရှိတယ်၊ ၅ ရွာကို တစ်အုပ်စုဆိုပြီးတော့ အုပ်စုဖွဲ့ထားတယ်၊ အဲဒီအထဲမှာမှ အုပ်စုတစ်စုမှာ HIV/AIDS ရောဂါခံစားနေရသူ ၄၈ ယောက်ရှိတယ်။ အဲဒီ ၄၈ ယောက်ထဲမှာ ART ဆေးကို ၉ ယောက်ပဲရရှိတယ်။ ကျန်တဲ့သူတွေ အတွက်တော့ အားဆေးလောက်ပဲ ရနေတယ်။ အခြေအနေ နည်းနည်းကောင်းတဲ့ လူတွေအတွက်ပေါ့'' ဟု ၄င်း IOM အဖွဲ့သားက ပြောသည်။

နိုင်ငံတကာ ရွေ့ပြောင်းအလုပ်သမားများအဖွဲ့သည် လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်မှစ၍ HIV/AIDS ရောဂါခံစားနေရသူများကို ကူညီ စောင့်ရှောက်ပေးနေခဲ့သည်။ ၄င်းအဖွဲ့မှ ရောဂါဝေဒနာ ခံစားနေရသူများအတွက် တစ်လလျှင် ဆေးဝါးကုသမှုအပြင် လိုအပ်သည့် အာဟာရ စားသောက်ဖွယ်ပစ္စည်းများကိုလည်း ဝေဒနာရှင်များကို ကူညီစောင့်ရှောက်ပေးနေခဲ့သည်။

အခြားကူညီနေသူတစ်ဦးကလည်း HIV/AIDS ရောဂါနှင့်ပတ်သက်သည့်လုပ်ငန်းများကို မြို့ကြီးများမှလွဲ၍ အခြား ကျေးရွာနှင့် မြို့ငယ်များတွင် မြန်မာအစိုးရမှ ပြုလုပ်ခွင့် ပိတ်ပင်ထားခဲ့သည်။

ကျေးလက်ဒေသများတွင် စာရင်းဇယားတွင်ပါဝင်သေးခြင်းမရှိသည့် လူနာအများအပြားရှိသေးကြောင်း အခြားကူညီနေသူတစ်ဦးက ဆိုပါသည်။

HIV/AIDS ရောဂါဝေဒနာသည်များကို ယခင်က လူနာသွားရောက် သတင်းမေးမြန်းခြင်းမရှိ၊ အသုဘသို့ သွားရောက်ပို့ဆောင်ခြင်းမရှိ စသဖြင့် ခွဲခြားဆက်ဆံခဲ့ကြသော်လည်း ယခုအခါ ထိုကဲ့သို့ ခွဲခြားဆက်ဆံခြင်း နည်းပါးလာခြင်းမှာ ကာကွယ်ကုသမှုအနည်းငယ် ကောင်းလာခြင်းနှင့် ပြည်သူများ အမြင်ကျယ်လာခြင်းကြောင့် ဖြစ်သည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်