Monday, March 15, 2010

ပါတီနိုင်ငံရေးကိစ္စ အဆုံးဖြတ်ပေးရန် လာမည့် (၂၉) ရက်တွင် အန်အယ်လ်ဒီ ဆွေးနွေးမည်

Summary
ယခုလတ်တလောဖြစ်ပေါ်နေသည့် နိုင်ငံရေးပြဿနာများနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးတွင် ဗဟိုအလုပ်အမှုဆောင်များ ယနေ့ဆွေးနွေးကြကြောင်း သိရသည်။

အန်အယ်လ်ဒီပါတီအနေဖြင့် ဆက်လက်မှတ်ပုံတင်ရေးကိစ္စနှင့် ရွေးကောက်ပွဲ ၀င်မ၀င် စသည့်ကိစ္စတို့ကို ဆွေးနွေးကြကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “ဒီနေ့တော့ ကျနော်တို့ စီအီးစီအတွင်းမှာ တဦးအယူအဆ တဦးနားထောင်ဖို့ ဆွေးနွေးတာပါ။ အဆုံးအဖြတ်က လာမယ့် (၂၉) ရက်နေ့မှာ (စီစီ) ဗဟိုဦးစီးအဖွဲ့ဝင်တွေကို ကျနော်တို့ ဖိတ်ကြားပါတယ်။ ဗဟိုဦးစီးအဖွဲ့ဝင်တွေရဲ့ အဲဒီကော်မတီကသာ အဆုံးအဖြတ်ပေးမှာပါ။ အဲဒီနေ့ဖြစ်ချင်လည်းဖြစ်မယ်၊ နောက်တရက် ဖြစ်ချင်လည်း ဖြစ်မယ်ပေါ့” ဟု ပြောသည်။

ယနေ့အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင်များနှင့် ဗဟိုလုပ်ငန်းအဖွဲ့ဝင်တို့ ပါဝင်ဆွေးနွေးကြကြောင်း သိရသည်။

ယခုလက်ရှိ နအဖစစ်အစိုးရက ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲဥပဒေသည် တရားမျှတမှုမရှိသည့်အတွက် မတရားသည့် ဥပဒေကို ပြည်သူလူထုနှင့် နိုင်ငံရေးအင်အားစုများ ပူးပေါင်းကာ အရေးယူတုံ့ပြန်ရန်လိုအပ်သည့်အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပြီးသည့်နောက် ယခုကဲ့သို့ အန်အယ်လ်ဒီက အစည်းအဝေးပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရှေ့ပါတီရပ်တည်ရေးနှင့်ပတ်သက်၍ နိုင်ငံရေးအရ လုပ်ဆောင်ရမည့် လုပ်ငန်းများကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ကြောင်း၊ စီအီးစီအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပြီး ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မတ်လ (၁၁) ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံအပြီးတွင် ဦးဉာဏ်ဝင်းက ပြောကြားခဲ့သည်။

နအဖစစ်အစိုးရက မတ်လ (၈) ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင်ပါတီထောင်လိုသူများ သည် ထောင်ဒဏ်ကျခံနေရသူ မဖြစ်စေရဟု အတိအလင်းဖော်ပြထားပြီး ထောင်ဒဏ်ကျခံနေရသူ များသည် ပါတီဝင်ဖြစ်ခွင့် မရှိဟု ဖော်ပြထားသည်။

ထို့အပြင် ထောင်ကျသူကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းမပြုပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းရမည်ဟုလည်း ဖော်ပြထားသည်။

http://www.khitpyaing.org/news/March%202010/15310e.php

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်