Tuesday, July 6, 2010

အာဇာနည် ညီအစ်ကိုများ၏ ပန်ကြားလွှာ။

ယနေ့များပြားလှသော မြန်မာ ဘလော့များထဲ အာဇာနည် ဘလော့သည် ဘလော့တစ်ခု တတောင့် တနေရာက ပါဝင်အားဖြည့်နေမိခြင်းကပင်လျှင် ဖါသိဖါသာ မသိကျိုးကျွံ ပြုပြီးမနေနိုင်တဲ့ ကိုယ်ချင်းစာစိတ်ကြောင့်ပါ ။ ကျနော်တို့ အာဇာနည် ဘလော့ရယ်လို့ ပေါ်ပေါက်လာရတာကလည်း မိမိတဦး တယောက်တည်း စားနိုင်နေနိုင် ပညာရှာနိုင်ပြီး အများဆင်းရဲနေခြင်းကို မကြည့်နိုင် တဲ့ ကိုယ်ချင်းစာစိတ်
စေတနာ အနစ်နာ ၀ါသနာ တူသူတွေ စုမိလို့ပါပဲ ။ကျနော်တို့အဖွဲ့မှာ ဖွဲ့စည်းပုံ မရှိဘူး ၊ မိမိ နိုင်ရာဝန်ကို ကြုံသလို ကျသလိုတာဝန်ယူကြတယ် ။ လခပေးတဲ့ ကြိုးကိုင် အုပ်ချုပ်သူမရှိဘူး ။ အသီးသီး ကိုယ့်ဝမ်း ကိုယ်ကျောင်းပြီး အားတဲ့အချိန်မှာ ဘလော့တာဝန်ကို အချိန်ပိုင်းနဲ့ တာဝန်ယူ ပေးကြတယ် ။ အဓိကစေတနာကတော့ ပြည်တွင်းမှာ သိခွင့်မရနိုင်တဲ့ သတင်း ၊ သိသင့်တဲ့အချက်အလက်တွေကို နေရာစုံကနေစုပြီး တနေရာထည်းမှာ အလွယ်တကူ သိခွင့်လေ့လာခွင့်ရအောင် ဆက်စပ်ပေးနေခြင်းမျှပါပဲ ။ လွတ်လပ်တဲ့ အတွေးအခေါ် ပွင့်လင်း တဲ့ဝေဖန်မှု အဲဒါတွေကို မရရှိနိုင်တဲ့ သတင်းလွတ်လပ်မှု မရှိသော ပြည်သူများအတွက်မိမိသိတတ် နားလည်သလောက် စာရေးဖေါ်ပြလို့ပဲဖြစ်ဖြစ် နေရာစုံက စုဆောင်းလို့ပဲ ဖြစ်ဖြစ် ကူညီ မျှဝေ ပေးနေခြင်းသာလျှင်ဖြစ်ကြောင်းပါ ။လူတွေရဲ့ ဘ၀ချမ်းသာစွာ နေထိုင်နိုင်ဖို့ရာ အကြားအမြင် ဗဟုသုတ ဆိုတဲ့ အခြေခံ ပြည့်စုံမှုလိုပါတယ် ။ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် သိထားဖို့လိုအပ်ပါတယ် ။ အဲဒီဗဟုသုတ တွေများလေလေ ဘ၀အခက်အခဲတွေကို ကျော်ဖြတ်ရာမှာ သက်သာလေလေ ဖြစ်ပါတယ် ။ ရင့်ကျက်မှုကို အတွေ့အကြုံ ဗဟုသုတ များကတဆင့် ရရှိစေ နိုင်ပါတယ် ။ မြန်မာလူမျိုးတွေဟာ မိမိတို့ရှင်သန်ဖို့မှီခိုနေရတဲ့ လောကပတ်ဝန်းကျင် တရားတော်နဲ့ပြောရရင် နိဿယ ပစ္စည်းပေါ့ဗျာ ။ဒါကို အလေးထားဖို့ မေ့နေခဲ့တယ် ။

ပကတူပနိဿယ ဆိုတဲ့ အားကြီးသောမှီရာဆိုတာ လူသားတွေအတွက် ပတ်ဝန်းကျင် ကမ္ဘာလောကကြီး တစ်ခုလုံးပါပဲ ။ မိမိအသက်ရှင် နေထိုင်နိုင်ဖို့ရာက ဒီမြေ ဒီရေ ဒီလေ ဒီတော ဒီတောင် ဒီလူ့ပတ်ဝန်းကျင်ကြီး တစ်ခုလုံးကို မှီနေရတယ်ဆိုတာပါပဲ ။ အဲဒီအားကြီးတဲ့ မှီခိုရာ လောကကြီး ဆင်းရဲလာရင် အညမည သဘောအရ
မီခိုနေရတဲ့ မိမိမှာလည်းဆင်းရဲလာတော့တာပါပဲ ။ ဒါတွေကို ပဋ္ဌာန်းတရားတော်မှာ ဘုရားရှင် ဟောကြား
ထားပြီးသားပါ ။ ကျေးဇူးဆပ်တဲ့အရာမှာလည်း မိမိ မှီခိုရာ မရှိမဖြစ် လိုအပ်တဲ့ ဤကမ္ဘာမြေကို ကျေးဇူးဆပ်ခြင်း ကအဆင့်အမြင့်ဆုံးပါပဲ ။ မိမိအဆင်ပြေရင်ပြီးရော ပတ်ဝန်းကျင်ကိစ္စတွေ မသိချင် မပါချင်လို့မရပါဘူး ။
ပတ်ဝန်းကျင်နဲ့ မိမိဟာ ဆက်စပ်ပြီး ရှင်သန်နေရတဲ့ အတွက်ပါပဲ ။ ဤကမ္ဘာလောက ပတ်ဝန်းကျင်ကြီး တခုလုံးကိုချမ်းသာဖြစ်အောင် ကျေးဇူး ဆပ်ခြင်းသည် အဆင့်အမြင့်ဆုံး ကျေးဇူးဆပ်ခြင်း ဖြစ်ပါသည် ။
အသိနည်းသောသူသည် ဆင်းရဲကြီး၏ ။ များများသိလေ ချမ်းသာလေပင် ။ ဥစ္စာကြွယ်ဝခြင်းဖြင့် ချမ်းသာအစစ် မဖြစ်နိုင်သည့်အတွက် ယနေ့ ကမ္ဘာကြီးတစ်ခုလုံး စစ်မီးများတောက်နေကြရသည် ။ ရလေ လိုလေ လောဘတရားက အမြဲဆင်းရဲစေပြီး မိမိနှင့် ပတ်ဝန်းကျင်လောကကြီး တစ်ခုလုံး ကိုမငြိမ်းချမ်းအောင် မပြတ်နှိပ်စက်၏ ။ ဗဟုသုတအသိအမြင် အားနည်းသူတို့ကို ပို၍ပင်နှိပ်စက်တော့သည် ။တယောက်၏ အသိအားနည်းမှုသည် အများကို ဆင့်ခါဆင့်ခါ နှိပ်စက်မှု ဖြစ်စေပြီး လောကကြီးတခုလုံးသို့ ဆင်းရဲကို မျှဝေသွားစေခဲ့သည် ။ ဉာဏ်နည်း အသိနည်းသူ များနေသ၍ လောကဆင်းရဲကြုံနေကြရမည်သာ ။

နှမ်းတလုံးနဲ့ ဆီမဖြစ်နိုင်ပေမဲ့ နှမ်းလုံးပေါင်းများစွာနဲ့သာဆိုလျှင် ဆီဖြစ်ဖို့ရာ သေခြာပါတယ် ။ တယောက်ကို တစ်ခုပဲသိသိ ၊ မကြုံဖူး မသိဖူးသော သတင်း အချက်အလက်တစ်ခုကို သိသွားရတယ်ဆိုလျှင်ပင် ကျနော်တို့ မှီခိုရာ ပတ်ဝန်းကျင် ကို ချမ်းသာဆီသို့ ရည်ရွယ်ပြီး ကျေးဇူးဆပ်နေခြင်းသာဖြစ်ပါသည် ။ လိုတာကိုယူပြီး မလိုတာကို ပယ်နိုင်ပါသည် ။ ပုထုဇဉ်များဖြစ်သဖြင့် အလုံးစုံသည် သစ္စာထိုက်သော အမှန်များမဖြစ်နိုင်ပါ ။ မိမိ၏ဉာဏ်နှင့် ချိန်ထိုးပြီး ယူသင့်တာယူ ၊ မယူသင့်တာကိုပယ်နိုင်ပါသည် ။ အချုပ်ပြောလိုသည်မှာ အာဇာနည်အဖွဲ့သည် မလိုသူတို့ပြောနေသော ဒေါ်လာစား များမဟုတ်သလို ၊ ဘယ်နိုင်ငံရေးအဖွဲ့အစည်း၏ ချုပ်ကိုင်လွှမ်းမိုးမှုအောက်မှလည်း မဟုတ်ပါ ။ ကိုယ့်ဝမ်းကိုယ်ကြောင်းကြရင်းဖြင့် မိမိတို့မှီခိုရာ လောကြီး ချမ်းသာအောင် နိုင်ရာဝန်ထမ်းပြီး ကျေးဇူးဆပ်နေကြသော သာမာန်ပြည်သူများသာဖြစ်ကြောင်းနှင့် မိမိစိတ်နှင့် မတိုက်ဆိုင်သော အချက်အလက်များ ဖေါ်ပြပါရှိခဲ့ပါကလည်း ရည်ရွယ်လုပ် ဆောင်ကြခြင်းမဟုတ်ပဲ တိုက်ဆိုင်သွားသော စေတနာ အမှားများဟုသာ လက်ခံပေး ကြပါရန် အာဇာနည်အဖွဲ့မှ ၊ လာရောက်သူ မိတ်ဆွေအပေါင်းကို လေးလေးစားစား အသိပေးအပ်ပါတယ် ။

အာဇာနည်အဖွဲ့သားများ ။

3 comments:

Than said...

တိုင်းပြည်နဲ့  လူမျိုးအပေါ် ထားတဲ့ စေတနာ လေးစားပါတယ်။ အသိမှတ်လဲ ပြုပါတယ်။

mithazin said...

အာဇာနည်အဖွဲ့သားအားလုံးရဲ့ စေတနာကို အများကြီး လေးစားပါတယ်။

mithazin said...

အာဇာနည်အဖွဲ့သားအားလုံးရဲ့ စေတနာကို အများကြီး လေးစားပါတယ်။

Post a Comment

ယခင် သတင်းများ ဖတ်ရန်