ပြည်သူနဲ့တွေ့တော့ မီးလို
မြန်မာ့တပ်မတော်မှာ ဆောင်ပုဒ်တခု ရှိပါတယ်။ ရန်သူနဲ့ တွေ့ ရင် မီးလို၊ နေလို ကျင့်ရမယ်။ ပြည်သူနဲ့ တွေ့ ရင် ပန်းလို နူးညံ့သိမ်မွေ့ ရမယ်လို့။ ဒါပေမယ့်တွေ့မြင် ကြားသိနေရတာကတော့ ဒီဆောင်ပုဒ်နဲ့ ပြောင်းပြန်ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက် ညပိုင်း၊ ပဲခူးမြို့ ပေါ်မှာ အရက်မူးနေတဲ့ စစ်တပ်က လူငယ်အရာရှိ ၂ ယောက်နဲ့ အရက်မူးနေတဲ့ အရပ်သားလူငယ် ၇ ယောက်တို့ ခိုက်ရန်ဖြစ်ပွားကြရာမှာ စစ်တပ်က အရာရှိငယ်တဦးက လဲကျကျန်ရစ်ပြီး ကျန်အရာရှိလူငယ်က တပ်စခန်းကိုပြန်ပြီး လက်နက်နဲ့ စစ်သားတွေ ပြန်ခေါ်ပြီး တိုက်ခိုက်လို့ လူငယ်၂ ဦး နေရာမှာဘဲ သေနတ်ဒဏ်ရာ ၆ ချက် နဲ့ ၎ ချက် လောက် ထိမှန်ပြီး သေဆုံးသွားကြရတယ်လို့ ကြားသိရပါတယ်။ ပစ်ခတ်မှုကလည်း မသေမချင်း အညှိုးတကြီး ပစ်ခတ် သတ်ဖြတ်တဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။
အခုအွန်လိုင်း မီဒီယာတွေပေါ်မှာလည်း စစ်တပ်ဘက်က အမြင်ပုံစံနဲ့ တဘက်၊ အရပ်ဘက်က အမြင်နဲ့ တဘက် အပြန်အလှန် ရေးသားနေကြတာ ကိုတွေ့ရပါတယ်။ စစ်တပ်ဘက်ကလည်း လက်နက်ရှိတဲ့ လူကို သွားတိုက် ခိုက်ရင် လက်နက်နဲ့ အပစ်ခံရမှာပေါ့ လို့ရေးပါတယ်။ အရပ်သားတွေဘက်ကလည်း ဒီလို လက်နက်အားကိုးပြီး နိုင်ထက်စီးနင်း လုပ်စရာလားလို့ ပြောပါတယ်။ ဒီဖြစ်ရပ်ဖြစ်ပွားတဲ့အခါမှာ စစ်တပ်က အရာရှိလူငယ်တွေက လည်း အရက်မူးနေပြီး ယူနီဖောင်း ၀တ်ထားတာ မဟုတ်လို့ အရပ်သားလူငယ်တွေက တမင်ရည်ရွယ်ပြီး ရိုက်နှက် တာ မဖြစ်နိုင်ပါဘူး။ ဒီလိုဖြစ်ပွားလို့ တပ်ပြန် လက်နက်ယူပြီး လူပြန်ခေါ်လာရင်လည်းဘဲ ဥပဒေ ဘောင်အတွင်းက ရှင်းနိုင်တဲ့ နည်းလမ်းတွေရှိလျက်နဲ့ကျော်လွန်ပြီး ရမ်းကားရက်စက်တဲ့ ဖြစ်ရပ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် တနိုင်ငံလုံးကို ဖြန့်ဝေတဲ့ နိုင်ငံပိုင်သတင်းစာတွေထဲမှာလည်း စစ်တပ်က အရက်မူးနေတဲ့ အရာရှိ လူငယ်တွေနဲ့ အရက်မူးနေတဲ့ လူငယ်အရပ်သားတွေ ရန်ဖြစ်တဲ့ သာမန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်စဉ်လို ပေါ့ပေါ့တန်တန် ရေးသား ဖော်ပြထားတာကလည်း လျော်ကန်မှု မရှိပါဘူး။
အရက်မူးပြီး ရန်ဖြစ်တာက သာမန်ဖြစ်စဉ်လို့ ပြောနိုင်ပေမယ့် သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်တာကတော့ သာမန် ဖြစ်စဉ် မဟုတ်ပါဘူး။ တကယ်လို့ ဒီသတင်းကို ရေးသားဖော်ပြတဲ့ တာဝန်ရှိသူတွေရဲ့ သားသမီးသာ ဒီလိုပစ်ခတ်သတ်ဖြတ်ခံရရင် သူဒီလိုမျိုး သဘောထားနိုင်ပါ့မလား ဆိုတာ မေးစရာဖြစ်လာပါတယ်။ ဒီဖြစ်ရပ်မျိုးဟာ သတင်းအလွယ်တကူပျံ့ နှံ့ နိုင်တဲ့ ပဲခူးလို မြို့ ကြီးဒေသမှာ ဖြစ်ခဲ့လို့ သာ အများပြည်သူ သိခွင့်ရ ပြီး လူနေကြဲပါးတဲ့ နယ်စွန်နယ်ဖျားဒေသတွေမှာသာ ဖြစ်ခဲ့ရင် ဒီလိုတိတိကျကျ သိနိုင်ပြီး အရေးတယူ ကိစ္စ တောင် ရှိမယ် မထင်ပါဘူး။ ဒါမျိုးတွေကြောင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကိုပါ ထိခိုက်ပျက်ဆီးနေစေ တဲ့ ကိစ္စတွေဖြစ်ပါတယ်။ အထူးသဖြင့် တရားဝင်လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ တပ်မတော်ထဲမှာ ဒီလို စည်းကမ်းမဲ့ ဖြစ်ရပ်တွေ ဖြစ်ပေါ်လာတာကို အကြောင်းအကျိုးဆန်းစစ်ဖို့ လိုပါတယ်။ ယနေ့ကာလမှာ မြန်မာပြည် က ခေတ်ပညာတတ်လူငယ်တွေအဖို့ ရိုးရိုးတက္ကသိုလ်တွေမှာ ပညာသင်ကြားနိုင်ဖို့က ကုန်ကျစရိတ်လည်း များတယ်၊ စနစ်တကျ ဖိဖိစီးစီးသင်ကြားပေးမှုလည်း မရှိပါဘူး။ ဘွဲ့ရလာပြီးရင်လည်း အလုပ်အ ကိုင် အခွင့်အလမ်းက မသေချာပါဘူး။ စစ်တက္ကသိုလ်တွေ ကလည်း တနှစ်ကို ကျောင်းသား နှစ် ထောင် ၀န်းကျင်လောက် ခေါ်ယူပြီး၊ ကျောင်းဆင်းပြီးရင်လည်း ပြန်တမ်းဝင်အရာရှိအဖြစ် အလုပ်တန်း ရပါတယ်။ ပုံမှန်အားဖြင့် စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင် သွားပြီး အရာရှိကြီးတွေအဆင့် ဖြစ်လာရင် လည်း အာဏာရှိပြီး ကြီးပွားတိုးတက်နိုင်တဲ့ အခြေအနေ ရှိတယ်။ ဒါမှမဟုတ် ဗိုလ်ကြီး၊ ဗိုလ်မှုးလောက်ဖြစ်လို့ အရပ် ဘက်ကို ပြောင်းခွင့်ရရင် ဒု-ညွှန်မှုး၊ ညွှန်ကြားရေးမှုး၊ စက်ရုံမှုးလောက် ဖြစ်နိုင်တယ်။ အဲဒီအချိန် လောက်မှာ ဆယ်တန်းတူတူအောင်တဲ့သူက ရိုးရိုးဘွဲ့ရလို့အစိုးရရုံးတရုံးမှာ ၀င်လုပ်ရင် စာရေးကြီး လောက်ဘဲရှိဦး မယ်။ ဒီလိုမျိုး ဈေးတွက် တွက်ပြီး စစ်တပ်ထဲကို ကွာခြားလှတဲ့ အခွင့်အရေး တခုကို မျှော်ကိုးပြီး ၀င်လာကြတဲ့သူတွေ အများ စုဖြစ်နေပါတယ်။ အဲဒီတော့ နိုင်ငံ ကာကွယ်ချင်လို့ တိုက်ခိုက် စွန့်စားချင်တဲ့ ၀ါသနာပါလို့ ဆိုတဲ့ စိတ် ဓာတ်အရင်းခံနဲ့ ဝင်လာတာမဟုတ်တော့ စစ်စည်းကမ်း တွေနဲ့ ကြတော့ နေသားတတကျ မနေနိုင်ကြပါ ဘူး။
ဒါ့အပြင် ၁၉၉၀ ၀န်းကျင်လောက်က စပြီး အခု ၂၀၁၀ ခုနှစ်လောက်အထိ မြန်မာပြည်မှာ ဗကပအုပ်စုကလည်း ပြိုလဲပြီး ပုံစံတမျိုးပြောင်းသွားတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေနဲ့ လည်း ငြိမ်းချမ်းရေးယူထားတော့ တိုက်ပွဲလည်းမရှိဘူး။ စစ်တိုက်စရာလည်း မလိုဘူး။ အဲဒီမှာ စစ်စည်းကမ်း တွေကို လိုက်နာမှု အားနည်းလာတာ ကို တွေ့ နေရပါတယ်။
ရန်သူနဲ့တွေ့တော့..??? (နေလောင်ရှုံတွနေသော ရွှေပန်း)
မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ ကိုးကန့့် လက်နက်ကိုင်အဖွဲ့ နဲ့ တိုက်ခိုက်ရာမှာ တပ်ရင်းအမှတ် ၁၀၆ ပါဝင်တဲ့ လက်နက်အပြည့်အစုံ အင်အား ၁၀၀၀ ကျော်ရှိတဲ့ မြန်မာစစ်တပ်ယာဉ်တန်းဟာ ကိုးကန့်  ဒေသအ၀င်မှာအင် အား ၁၀၀ ကျော်ရှိတဲ့ ကိုးကန့် တပ်ဖွဲ့ တွေက ဆီးကြိုပစ်ခတ်ရာမှာ အကုန်လုံး ကားပေါ်က ဆင်းပြေးပြီး မြေပြင် မှာ ဘဲ နေရာယူပစ်ခတ်လို့ တပ်ရင်းမှုးက တက်ပစ်ဖို့ အမိန့်ပေးတာကို ဘယ်သူကမှ မတက်ကြဘဲကိုးကန့် အဖွဲ ကပစ်ခတ်ပြီး ကျည်ဆံနည်းလာလို့ ပြန်ဆုတ်သွားမှ တိုက်ပွဲက ပြီးသွားတယ်လို့ တပ်ရင်း၁၀၆ နဲ့ နီးစပ်တဲ့သူ တွေ ဆီက ကြားသိရပါတယ်။ တပ်ရင်းမှုးလည်း အလုပ်ပြုတ်သွားပါတယ်။
ဒီဖြစ်စဉ်ဟာလည်းဘဲ စစ်တပ်ရဲ့ စစ်စည်းကမ်းလိုက်နာမှု အားနည်းပြီး စစ်ရေးအတွေ့ အကြုံမရှိမှု၊ စိတ်ဓာတ်ရေးရာ မပြည့်ဝမှုတို့ ကို ဖော်ပြနေတာပါဘဲ။ စစ်တပ်တွေထဲမှာလည်း တပ်အင်အားတွေဘဲ တိုးချဲ့ ဖွဲ့ စည်းပြီး တပ်သားတွေအဆင့်မှာတော့ စားနပ်ရိက္ခာလစာ မလုံလောက်ကြပါဘူး။ စစ်သား တစ်သိန်း တိုးလာရင် သူ့ကိုမှီခိုတဲ့မိသားစုကိုပါ ထည့်တွက်ရင် လူ သုံးသိန်းစာလောက် စရိတ်ထပ်တိုးလာမှာပါ။ လက်နက်ခဲ ယမ်းစရိတ် မပါသေးပါဘူး။ မြန်မာပြည်ရဲ့ ထောက်ပံ့ပေးနိုင်မှု ဓနအင်အားနဲ့ ဆိုရင် အမြဲတမ်း စစ်တပ်အစား အလှည့်ကျ နိုင်ငံသားတိုင်း တနှစ်ခွဲလောက် စစ်မှုထမ်းတဲ့ ပုံစံကဘဲ နိုင်ငံကာကွယ်ရေးအတွက် ရေရှည်မှာ သင့်တော်မှာပါ။ အဲဒါကိုလည်း ဖွဲ့ စည်းပုံမှာ ပါပေမယ့် စစ်တပ်အသိုင်းအ၀ိုင်းက ယုံကြည်စိတ်ချမှု မရှိလို့ ထင် ပါတယ်။ မလုပ်ကြပါဘူး။ ပြည်တွင်းက သဘောထားကွဲလွဲတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကတော့ စစ်တိုက်ရာမှာ လိုတဲ့ လူအင်အား၊ လက်နက်ကျည်ဆံဖြည့်ဆည်းနိုင်မှု၊ ဆေးဝါးရိက္ခာ သတင်းနဲ့ ဆက်သွယ်ရေး စတာတွေမှာ မြန်မာစစ်တပ်နဲ့ လုံးဝမယှဉ်နိုင်လို့ ရင်ဆိုင်တိုက်ခိုက်နိုင်မှာ မဟုတ်ပါဘူး။ ပျောက်ကြားပုံစံနဲ့ ဘဲ ပြန်တိုက်နေတာပါ။
နိုင်ငံခြားလက်နက်ကိုင်တပ်တွေနဲ့ မြန်မာစစ်တပ် ယှဉ်ပြိုင်လာရရင်ကော.... အဲဒီလို အသာစီးရတဲ့ အခြေအနေမှာရှိပါသလား။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က ကော့သောင်းမြို့ ရေပြင်နားမှာ ဖြစ်ပွားတဲ့ ယိုးဒယားရေတပ်က မြန်မာစစ်သင်္ဘောကို အမြှောက်နဲ့ ပစ်တဲ့ကိစ္စ၊ ၂၀၀၂ ခုနှစ်လောက်က တာချီလိတ် နယ်စပ်မှာ ရွက်ဆစ်နဲ့ ယိုးဒယားတပ်က ပူးပေါင်းပြီး တိုက်ခိုက်တဲ့ကိစ္စ၊ ခွန်ဆာလှုပ်ရှားခဲ့တဲ့ လွယ်လန်း နယ်မြေမှာ ယိုးဒယား တပ်စွဲထားတဲ့ကိစ္စ၊ သိပ်မကြာသေးခင်က ရခိုင်ကမ်းရိုးတန်းနားမှာ ကမ်းလွန်ရေနံတူးတဲ့ ကိစ္စနဲ့ ပက်သက်ပြီး ဘင်္ဂလားဒေ့ရှ်ရေတပ်စစ်သင်္ဘောက ရောက်ရှိလာပြီး ရေနံတူးတဲ့ မြန်မာနိုင်ငံဘက်က အဖွဲ့တွေကို မောင်းထုတ်တဲ့ကိစ္စတွေမှာတော့ မြန်မာဘက်က ပန်းကလေးလိုဘဲ နူးညံ့သိမ်မွေ့ လှပါတယ်။ အထူးသဖြင့် တာချီလိတ်နယ်စပ်မှာတိုက်ပွဲဖြစ်တုန်းကဆိုရင် ယိုးဒယားနဲ့ တောင် စစ်ဖြစ်နိုင်တဲ့ အနေအထားပါ။ အဲဒါကို ရန်ကုန်မှာရှိတဲ့ ပြည်သူလူထုကလည်း အေးအေးဆေးဆေးပါဘဲ။ သူတို့နဲ့ အဝေးကြီးလို့ ထင်နေပါတယ်။ နိုင်ငံချင်းစစ်ဖြစ်ရင် ဒီခေတ်လက်နက်စွမ်းရည်တွေအရ နိုင်ငံရဲ့ ဘယ်နေရာမှာမဆို ချက်ချင်း အန္တရာယ်ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ယိုးဒယားနိုင်ငံထဲမှာ ရောက်ရှိ အလုပ်လုပ်နေတဲ့ လက်နက်မဲ့မြန်မာ တွေကတော့ အန္တရယ်ပိုများတယ်လို့ ပြောချင်ပါတယ်။ လူမျိုးရေးအရ နီးရာကိုချက်ချင်းဒုက္ခပေးနိုင်ပါတယ်။ ထိုင်းဘုရင် အဒူမိဘော မရှိတော့ရင် ပိုသတိထား ရပါလိမ့်မယ်။
အခုရက်ပိုင်းအတွင်းမှာ နအဖခေါင်းဆောင်ကြီးလည်း တရုတ်ပြည်က ပြန်ရောက်လာပါပြီ။ တရုတ်ကြီး နဲ့ သဘောတူနားလည်မှု တစုံတခု ရ လာပုံရပါတယ်။ နယ်စပ်က လက်နက်ကိုင်အဖွဲ့ တွေရဲ့ ကိစ္စတွေကို ရှင်းတော့မယ့်အခြေအနေပါဘဲ။ ဒါပေမယ့် ရေရှည်မှာ နိုင်ငံရေးအရပါ ရှင်းနိုင်မှ ပြေလည်နိုင်မှာပါ။ အခုအချိန်မှာ တရုတ်ရဲ့ သြဇာချဲံ့ ထွင်လာမှုကြောင့် ရုရှားနဲ့ အမေရိကန်ကလည်း အာဆီယံနဲ့ နီးကပ်တဲ့ ဆက်ဆံရေးတွေ လုပ်လာကြပါတယ်။ ဂျပန်ကလည်း တရုတ်စစ်အင်အားက သူတို့ကို ခြိမ်းခြောက်လာနေ တယ်လို့ ပြောလာပါတယ်။ မြန်မာနိုင်ငံ ကာကွယ်ရေးသာမကဘဲ နိုင်ငံရေးကိစ္စတွေမှာပါ ဦးဆောင်ပါဝင်လိုတဲ့ မြန်မာ့တပ်မတော် ကတော့ တကယ့်ရန်သူဖြစ်တဲ့ ကျူးကျော်တဲ့နိုင်ငံခြားတပ်ဖွဲ့တွေနဲ့ ရင်ဆိုင်နိုင်အောင် မြန်မာပြည်သူတွေနဲ့ တွေ့ရင် ပန်းကလေးလို နူးညံ့ပြီး ရန်သူနဲ့တွေ့ရင် မီးလိုနေလို ကျင့်နိုင်စေဖို့ မျှော်လင့်ပါတယ်။
s ခင်ဇိုင် ၁၃-၁၀-၂၀၁၀
မှတ်ချက်။ ။ ရေးရင်းနဲ့ အကြောင်းအရာတွေ စုံသွားပါတယ်။ ဆက်စပ်တွေးတောနိုင်ရန်အတွက်ပါ။
http://www.demowaiyan.co.cc/2010/09/blog-post_103.html
No comments:
Post a Comment