Wednesday, July 2, 2008

ဗြောင်လိမ်...

အနုပညာရှင်များ မူးယစ်ဆေးဝါးဖြင့် မဖမ်းဆီးဟု ရဲချုပ်က ပြော
နန်းဒေဝီ
အင်္ဂါနေ့၊ ဂျူလိုင်လ 01 2008 19:51 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ နာမည်ကြီး အနုပညာရှင် အချို့နှင့် စီးပွားရေး လုပ်ငန်းရှင်များအား မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ထိန်းသိမ်းထားခြင်း မရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲချုပ်က ပြောဆိုလိုက်သည်။

နေပြည်တော်တွင် ပြုလုပ်သော ‘အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့’ အထိမ်းအမှတ် ဆိုင်ရာ အခမ်းအနားအပြီး သတင်းစာ ရှင်းလင်းပွဲတွင် အနုပညာရှင်၊ စီးပွားရေး လုပ်ငန်းရှင်များအား ဖမ်းဆီးထိန်းသိမ်း၊ တရားစွဲဆိုခြင်း မရှိကြောင်း ရဲချုပ် ခင်ရီ၏ ငြင်းဆိုချက်ကို ရန်ကုန်အခြေစိုက် ယခုအပတ်ထုတ် Weekly Eleven ဂျာနယ်က ရေးသား ဖော်ပြလိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့ အခုချိန်ထိ အနုပညာရှင်တွေကို ဖမ်းဆီးထားတာ မရှိပါဘူး။ စီးပွားရေး လုပ်ငန်းရှင်တွေကိုလည်း အခုချိန်ထိ တရားစွဲဆိုခြင်း မရှိဘူး”ဟု ရဲချုပ်ခင်ရီမှ မြန်မာ သတင်းထောက်များ၏ မေးမြန်းချက်များကို ဂျာနယ် တွင် ဖော်ပြထားသည်။

နာမည်ကျော်ကြား မြန်မာအနုပညာရှင် ၃ဝ ဦးထက်မနည်းအား ပြီးခဲ့သည့် လလယ်ပိုင်းတွင် အာဏာပိုင်များက မူးယစ်ဆေးဝါး သုံးစွဲသူများဟု ယူဆကာ ခေါ်ယူ စစ်ဆေးခဲ့သလို၊ မူးယစ် ရောင်းဝယ်မှုဖြင့် စီးပွားရေး လုပ် ငန်းရှင် မောင်ဝိတ်အား ဖမ်းဆီးခဲ့သည်ဟု ပြည်ပရှိ မြန်မာ သတင်းဌာနများက ရေးသားဖော်ပြမှုများ ထွက်ပေါ် လာပြီးနောက် နေပြည်တော် သတင်းစာ ရှင်းလင်းပွဲတွင် ရဲချုပ်က ယခုလို ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်လ ၁၇ ရက်နေ့ထုတ် First Music ဂျာနယ်တွင်လည်း ရုပ်ရှင်သရုပ်ဆောင် နန္ဒာလှိုင်၊ စိုးမြတ်သူဇာ၊ နဝရတ်၊ ဂန္တာဝင်၊ ဖိုးကျော်၊ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) နှင့် အဆိုတော် ဖြိုးကြီး၏ ဓာတ်ပုံများနှင့် အတူ ‘မူးယစ်ဆေးဝါး သုံးစွဲခြင်းဖြင့် အနုပညာရှင်များ၏ အောင်မြင်မှုနှင့် ဘဝခရီးအား ကြီးမားသော ဆုံးရှုံးမှု ဖြစ်စေနိုင်ကြောင်း’ ဖော်ပြခဲ့သည့်အတွက် အနုပညာရှင်များက ငြင်းဆိုခဲ့ရာ ဇွန်လ ၂၃ ရက် နေ့ထုတ် ဂျာနယ်တွင် တောင်းပန်စာ ပြန်လည် ရေးသားခဲ့ရသေးသည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာသတင်းသမဂ္ဂ (BMA) ၏ အတွင်းရေးမှူးဖြစ်သူ ကိုစံမိုးဝေက ယခုလို အမှန်တရား ကို သိသော်လည်း အဖြစ်အပျက် အမှန်များအား အာဏာပိုင်များက ဖုံးကွယ်ပေးခြင်း ဖြစ်သည်ဟု ဆိုသည်။

သူက “အာဏာပိုင်တွေက ဗြောင်လိမ်နေတာပါ။ အမှန်တရား၊ သတင်းမှန်တွေကို သူတို့ ပါးစပ်ဖျားမှာ ကြိုက် သလို လုပ်နေကျပဲ။ သူတို့ ဘာပြောပြော ပြည်သူလူထုက သိပြီးသားပါ။ အာဏာပိုင်တွေ ကိုယ်တိုင် အရှုပ်ထဲ မှာ ပါနေတော့ ဖုန်းကွယ်တော့တာပေါ့” ဟု ပြောသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်