Friday, March 5, 2010

မြစ်တွေ မကောစေအောင်..ထိမ်းသိမ်းဖို့ လိုပြီ

မြစ်ကြောင်း ထိန်းသိမ်းမှုလုပ်ငန်းများ လုပ်ဆောင်ရာ၌ အားနည်းချက်အချို့ရှိနေ
[ရေနည်းပါးနေသော ဧရာဝတီမြစ်အား စစ်ကိုင်းတံတားနှင့်အတူတွေ့ရစဉ်]

ရေနည်းပါးနေသော ဧရာဝတီမြစ်အား စစ်ကိုင်းတံတားနှင့်အတူတွေ့ရစဉ်
မြန်မာနိုင်ငံတွင် မြစ်ကြောင်းထိန်းသိမ်းမှုလုပ်ငန်းများ လုပ်ဆောင်ရာ၌ အားနည်းချက်အချို့ရှိနေပြီး အရေးပါသည့် နေရာများကို ဦးစားပေးအဆင့်အလိုက် ပြုပြင် ထိန်းသိမ်းရကြောင်း သိရှိရသည်။
မြစ်ကြောင်း ထိန်းသိမ်းမှု လုပ်ငန်းများကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပွင့်လင်းရာသီကာလ ရောက်သည့်အချိန်တိုင်း ဆောင်ရွက် လုပ်ကိုင်လေ့ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အရေးပါသည့် မြစ်ကြီးများဖြစ်သော ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်များတွင် မြစ်ကြောင်းထိန်းသိမ်းမှုလုပ်ငန်းများကို အဓိကလုပ်ဆောင်နေကြောင်း သိရသည်။ လုပ်ဆောင်ရာတွင်လည်း စက်ပိုင်းဆိုင်ရာနှင့် ငွေကြေးပိုင်း ဆိုင်ရာ လိုအပ်ချက်များကြောင့် မြစ်ကြောင်းတစ်လျောက် တပြေးညီ ထိန်းသိမ်းပြုပြင်ခြင်းထက် အဓိက ထားပြုပြင်ရန် လိုအပ်သည့်နေရာ များကို ဦးစားပေးထိန်းသိမ်းမှုများ ပြုလုပ်ရကြောင်း သိရသည်။''ဧရာဝတီမြစ်ဆို မိုင်ပေါင်း ၁၃၀၀ ကျော် ရှည်လျားပါတယ်။ ဖြစ်နိုင်ရင် မြစ်ကြီးတစ်ခုလုံးကို ထိန်းသိမ်းချင်တာပေါ့။ ဒါပေမဲ့ တတ်နိုင်တဲ့အင်အား ကိုကြည့်ပြီး ရေကြောင်းသွားလာမှု ခက်တဲ့နေရာတွေ၊ ရေတိုက်စားပြီး ကမ်းပါးပြိုနိုင်တဲ့နေရာတွေ စသဖြင့် ပေါ့။ ဒီလို အနေအထားတွေကို ကြည့်ပြီးဦးစားပေးအဆင့်သတ်မှတ် ပြီး ပြုပြင်ထိန်းသိမ်းရပါတယ်'' ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှတာဝန် ရှိသူကဆိုပါသည်။
သဘာဝတရားကြောင့်ဖြစ်စေ၊ လူသားတို့၏ စည်းကမ်းမဲ့အပြုအမူ များကြောင့်ဖြစ်စေ မြစ်ကြောင်းတစ်ခု မပျက်စီးမတိမ်ကောစေရန်အတွက် နည်းလမ်းအမျိုးမျိုးဖြင့် မြစ်ကြောင်း ထိန်းသိမ်းမှုများ ပြုလုပ်သည့်အခါ တွင် ခေတ်မီစက်ပစ္စည်းများ၊ လုံလောက်သည့် ငွေကြေးများရှိရန် လိုအပ်ကြောင်း သိရသည်။
''မြစ်ကြောင်းတစ်ခုကို ထိန်းသိမ်းတဲ့အခါမှာ လိုအပ်ရင်လိုအပ်သလို ကမ်းထိန်းရေကာတာတွေ၊ ရေခေါ် ရေကာတာတွေ ဆောက်လုပ်ပေးဖို့ လိုသလိုနုန်းစုပ်၊ သဲစုပ်တဲ့နေရာမှာလည်း ခေတ်မီတဲ့စက်ကိရိယာတွေ ရှိဖို့လိုပါ တယ်။ ဒါမှလည်း ပို့ဆောင်ရေး အတွက် အခက်မတွေ့စေဘဲမြစ်ကြောင်းကိုလည်း ရေရှည်ထိန်းသိမ်းသွားနိုင်မှာဖြစ်တယ်။ ဒီလိုလုပ်ဖို့ ကလည်း ငွေအင်အားအများကြီး ရင်းနှီးမြုပ်နှံဖို့ လိုမယ်''ဟု ရေ ကြောင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦး က ရှင်းပြခဲ့ပါသည်။
ယခုနှစ်တွင် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်များ၌ ယမန်နှစ်များ ထက်ပိုမိုသည့် ရေနည်းပါးမှုနှင့် အတူရေလမ်းကြောင်းကြပ်ခြင်း ကိုရင်ဆိုင်နေရကြောင်း သိရှိရပါ သည်။
''ပြည်တွင်းရေကြောင်းခရီးစဉ်တွေ အများဆုံးပြေးဆွဲပေးနေတဲ့ ဧရာဝတီနဲ့ ချင်းတွင်းမြစ်တွေမှာ ဒီနှစ်ရေကြောင်း ကြပ်တာကို ပိုပြီး တွေ့ကြုံရပါတယ်။ ရေကြောင်းကျပ်တဲ့နေရာတွေမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ထိန်းသိမ်းမှုတွေ လုပ်နေပေမယ့် လိုအပ်နေတာတွေ ရှိနေသေးပါတယ်။ တခါတလေ ရေကြောင်းကြပ်တာရယ်၊လုပ်ငန်းလုပ်ဆောင်နေတဲ့ ရေယာဉ်တွေကြောင့်ရယ် သင်္ဘောခရီးစဉ်တွေမှာ နှောင့်နှေးရတာလေးတွေတော့ ရှိတာပေါ့''ဟု ၀ါရင့်ရေယာဉ်မှူးကြီး တစ်ဦးကသူ့၏အမြင်ကို ပြောကြားခဲ့ပါသည်။
http://www.biweeklyeleven.com/index.php?option=com_content&view=article&id=2114:2010-03-03-03-57-11&catid=42:2009-11-10-07-36-59&Itemid=112

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်