Saturday, September 11, 2010

အထက်ဖားအောက်ဖိ

Saturday, 11 September 2010 22:23 ဖြစ်ရပ်မှန် တင်ပြသူ တစ်ဦး
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်ရှိ လ၀ကပြည်နယ်မှုး ဦးစိုးပိုင်မြင့်သည် ၀န်ထမ်းများအား တရားမျှတစွာ မဆက်ဆံမှု၊ နိုင်လိုထက်စီးမှု၊ အာဏာပြမှု နှင့် သူ၏အထက်အရာရှိကြီးများအား ငွေလမ်းခင်းကာ ၎င်းနှင့်ပတ်သက်သော တိုင်စာ/ပစ်စာ ပြဿနာအရပ်ရပ်များကို ပပျောက်စေရန် ၎င်းအားအရေးမနိုင်ရန် “အထက်ဖားအောက်ဖိ” လုပ်မြဲ လုပ်နေပါသည်။ ကျိုင်းတုံတိုင်းမှူးနှင့် လဝကရုံးချူပ်(နေပြည်တော်)ရှိ အရာရှိကြီးများအား ၎င်း၏ မတရားမှုများ ပပျောက်စေရန် ငွေလမ်းခင်း၍ တစ်နည်းအားဖြင့် ၎င်း၏ဇနီး ဒေါ်သီတာချိုကိုစေ လွတ်၍ နည်းမျိုးစုံ ပြုမှုစေခိုင်းလျက်ရှိနေပါသည်။

ဦးစိုးပိုင်မြင့်သည် အထက်လူကြီးများကို အထူးဖားပြီးလက် အောက် ၀န်ထမ်းများအား စိတ်၌ ထင်ရင်ထင်သလို မထင်ရင်မထင်သလို ဆက်ဆံနေသည်။ ၎င်းကြောင့် စိတ်ဒုက္ခ၊ လူဒုက္ခရောက်ကြရသော ၀န်ထမ်းအများအပြား ရှိနေကြသည်ဟု ကြားသိရပါသည်။ ဦးစိုးပိုင်မြင့်သည် လူမျိုးကွဲများဖြစ်သော တရုတ်/ကုလားများအား မှတ်ပုံတင်ပြုလုပ်ထုတ်ပေးရာ၌ ၎င်းကိုယ်တိုင်တိုက်ရိုက်တွေ့ဆုံပြီး လက်မှတ်ရေးထိုးပေးသည်။ အင်တာနက်စာမျက်နှာ၌ ၎င်း၏ မကောင်းသော စိတ်စိတ်နေစိတ်ထားအကြောင်း ဖော်ပြခံရပြီးနောက်ပိုင်း ကိုယ်တိုင်တိုက်ရိုက် မတွေ့တော့ပဲ ၎င်း၏ တပည့်တစ်ဦးနှင့် အရင်တွေ့ခိုင်းပြီးနောက် ဇနီးဖြစ်သူ ဒေါ်သီတာချိုမှ တဆင့် ဦးစိုးပိုင်မြင့်နှင့် ကမှတ်ပုံတင်ကဒ်ပြား လက်မှတ်ရေးထိုး ထုတ်လုပ်ပေးပါသည်။ ဦးစိုးပိုင်မြင့်သည် မည်သည့်ကိစ္စကို မဆို ဆိုးကျိုးနှင့်ပတ်သက်လာပါက လက်အောက် တပည့်လက်သားတစ်ဦးဦးအား အပြစ်လွဲချတတ်သည်။ ထို့ကြောင့် လက်အောက်ငယ်သားများ ဒုက္ခရောက်ကြရသည်မှာ အများအပြားရှိနေသည်။

“လ၀ကပြည်နယ်မှုး ဦးစိုးပိုင်မြင့်အား တိတ်တဆိတ်စုံစမ်းမှုများပြုလုပ်မှသာ ၎င်း၏ ဘီလူးခေါင်း ဆောင်းထားသော ရုပ်သဏ္ဍာန်အား ထင်ရှားပေါ်မြင်လာမည်ဟု ယူဆမိပါသည်”ဟု ယခင်အင်တာနက်စာမျက်နှာပေါ်တွင် ရေးသားထားသော်လည်း ရာထူးကြီးကြီးပေးကမ်းနိုင်သော ပြည်နယ်မှူးတစ်ဦးဖြစ်သောကြောင့် နေရာထိုင်ခုံမရွေ့ပဲ တည်မြဲနေပါသည်။ မြန်မာနိုင်ငံတွင် စုံစမ်းရေးအဖွဲ့ဟု ခေါ်ဆိုသော် “SP” “စစစ” နအဖ မှ အထူးအဖွဲ့(စရဖ)များက ၎င်း၏လုပ်ဆောင်ချက်များအား အဘယ့်ကြောင့် စုံစမ်းစစ်ဆေးခြင်းမပြုပဲ ဖုံးကွယ်ပေးသလဲဆိုသည်မှာ အံ့သြစရာဖြစ်နေပါသည်။ ၎င်းတို့အဖွဲ့အစည်းများမှ စုံစမ်းသည်ဆိုသည်မှာ ငွေကြေးမျက်နှာတစ်ခုကြောင့် ဦးစိုးပိုင်မြင့်၏ လုပ်ရပ်များမှာ မပေါ်လာပဲ ပပျောက်သွားသလော စဉ်းစားစရာပင်ဖြစ်နေပါသည်။

ယခင် လ၀ကတွင် ဗိုလ်ခင်ညွန့်ဦးဆောင်ခဲ့သော (ထလရ)တပ်ဖွဲ့ဝင်နှင့် ၎င်းတို့နှင့်ဆက်စပ်သော မိသားစုဝင်များသာ နေရာကောင်းကောင်းတွင် ခံစားခဲ့ပြီး ဗိုလ်ခင်ညွန့်အနားယူသောအခါ မဆီမဆိုင်၊ အပြစ်မရှိသော (ထလရ)တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့နှင့်ဆက်စပ်သော မိသားစုဝင်များမှာ လ၀ကဌာန၌ မယူမနေရ ပင်စင်ယူခဲ့ရပါသည်။ လ၀ကပြည်နယ်မှုး ဦးစိုးပိုင်မြင့်၏ ညီအစ်ကိုအရင်းတစ်ယောက်မှာ ထောက်လှမ်းရေးဗိုလ်မှူးတစ်ယောက်ဖြစ်ခဲ့သည်ကို စုံစမ်းရေးအဖွဲ့ဟု ခေါ်ဆိုသော် “SP” “စစစ” နအဖ မှ အထူးအဖွဲ့(စရဖ)များက မသိကျိုးကျွံပြုနေခဲ့သလား။

ဦးစိုးပိုင်မြင့်သည် ၀န်ထမ်းများအပေါ်တွင် လက်အောက်ငယ်သားများထံမှ ငွေများကို ရယူကာ စိတ်ထင်သလို၊ ၎င်းအား ပေးရင်ပေးကမ်းနိုင်သလို တာဝန်ကျနေရာများကို ကျရောက်ရခြင်းမှာ လွန်စွာမှ ဆိုးရွားလှပါသည်။ အောက်လက်ငယ်သားများအား ငွေများကို ယူ၍တစ်ဖုံ၊ ဒုက္ခရောက်အောင်တစ်နည်း နည်းပေါင်းစုံဖြင့် ပြုမှုနေသည်ကို လက်အောက်ငယ်သားများအနေဖြင့် မည်သို့မှ မတုန့်ပြန်နိုင်ပါ။ အထက်အရာရှိကြီးများထံ တင်ပြဖို့ရာလည်း မတတ်စွမ်းနိုင်ပါ။ တင်ပြပါကလည်း အင်အားကြီးရင် ကြီးသလို မျက်ကွယ်ပြုနေကြပါသည်။ ထို့အတွက်ကြောင့် ဦးစိုးပိုင်မြင့်နှင့် ပတ်သက်သော ၎င်း၏ လက်အောက်ငယ်သားများနေရာတွင် နေရာသည်မှာ ဒုက္ခအလွန်ရောက်သည်ဟု ကြားသိရသည်။ ဦးစိုးပိုင်မြင့်သည် “ညောင်ပင်တစ္ဆေ”လိုဖြစ်နေသည်။

လက်အောက်ငယ်သားများအတွက် မကြည့်ပဲ အရာရာအားလုံးကို ၎င်းအတွက် ၎င်း၏ ဇနီးအတွက်သာကြည့်သည်။ ထို့အပြင် လက်အောက်ငယ်သားများအား မပေးသည့်အပြင် ရရင်ရသလို လက်အောက်ငယ်သားများထံမှ ယူတတ်သည်။ ၎င်းအား ပေးကမ်းနေကြဖြစ်သော လက်အောက်ငယ်သားပင်လျှင် တစ်ခါတစ်ရံ၌ ၎င်းလိုတာနှင့် တစ်ထပ်တည်းမကျလျှင် မျက်နှာမရ ဖြစ်ကြရသည်။

လ၀ကပြည်နယ်မှူး ဦးစိုးပိုင်မြင့်သည် ရရှိလာသော ငွေများမှ ပိုလျှံသောငွေများထဲမှ ကားများဝယ်ယူ စုဆောင်းထားသည်ဟု ကြားသိရပါသည်။ ဦးစိုးပိုင်မြင့် ၀ယ်ထားသော ကားမှ ကျပ်သိန်းရှစ်ရာခန့်တန်သော ကားအမျိုးအစား (၂)စီး၊ မြ၀တီမြို့ရှိ အိမ်ယာကွက်(၂)ကွက်၊ ရန်ကုန်တွင် တိုက်ခန်း(၄)ခန်းခန့်ရှိသည်ဟုလည်း ကြားသိရပါသည်။(လစာငွေ တစ်သိန်း ငါးသောင်းခန့်ရရှိသော အရာရှိတစ်ဦး၏ ပိုင်ဆိုင်မှုအနေအထားအား မည်သို့ရရှိလာသည် ကို တွေးတောစဉ်းစားစေလိုပါသည်။)

ယနေ့မြန်မာ့စစ်အစိုးရတို့၏ ၀န်ထမ်းလောကသည် ကောင်းမှုကို ရှောင်ကြဉ်ပြီး အထက်ဖား အောက်ဖိ လုပ်တတ်ရမည်၊ ကြီးနိုင်ငယ်ညင်း ပြုမှုတတ်ရမည်၊ ဆိုးတာမှန်သမျှလုပ် အမှန်တရားကို ဖုံးကွယ်ထားပေးမယ် ဟု ဆိုထားလေသလားမသိပါ။ ဦးစိုးပိုင်မြင့်သည် လာဘ်စားမှုများ၊ ကြီးနိုင်ငယ်ညင်းမှုများ၊ အထက်ဖားအောက်ဖိမှုများကြောင့် ယခုဆိုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ရှမ်းပြည်တစ်နယ်လုံး၏ ဒု-လ၀ကပြည်နယ်မှူး ဦးစိုးပိုင်မြင့် သို့မဟုတ် ပြည်နယ်အထွေထွေရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးစိုးပိုင်မြင့်၊ ဖြစ်နေ၍ ၎င်း၏ မတရားလုပ်ရပ်များ၊ မတရားပြုမှုများကို ဖာထေး မျက်ကွယ်ပြုပေးနေသော ယခင်က ကျိုင်းတုံတိုင်းမှူးဟောင်း၊ ယခု ကျိုင်းတုံတိုင်းမှူး နှင့် စုံစမ်းရေးအဖွဲ့ဟု ခေါ်ဆိုသော “SP” “စစစ” နအဖ မှ အထူးအဖွဲ့(စရဖ)များ စသည်တို့သည် အမှန်တရားကို မလိုလား၍ မဖော်ဆောင်တာလား၊ မပြောတတ်တော့ပါ။

(ပြည်နယ်အထွေထွေရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဖြစ်၍ ဤရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ လုံးဝမပြောင်းရဟု ၎င်း၏ နှုတ်ထွက်စကားအား အထက်အရာရှိကြီးများအား ကြားသိစေချင်ပါသည်)

၎င်းပြောဆိုနေတတ်သည့်စကားတခုမှာ ..“ငါက အထက်ကိုပေးကမ်းထားတာကြောင့်၊ ငါ ဒီနေရာ တည်မြဲနေတာကွ ။တိုင်ချင်တဲ့နေရာတိုင် ။ငါကတော့ ဂရုမစိုက်ဘူး” ဟုပြောဆိုပြီး ၎င်းနှင့်အဆင်မပြေသော လက်အောက်ငယ်သား ၀န်ထမ်းများ၊ ၀န်ထမ်းမိသားစုများ၊ ပြည်သူလူထုများအား အချိန်အခါမရွေး အကြိမ်ကြိမ်အလီလီ ပြောဆိုနေသည်ကို မကြားချင်ပဲလည်း ကြားနေရပါသည်။ (သို့သော် ၎င်းထက် ရာထူးကြီးသူများက ဦးစိုးပိုင်မြင့်အား အထက်ဖော်ပြပါစကားများအား ပြောဆိုခြင်းရှိမရှိဟု မေးမြန်းသောအခါ ၎င်းမှ လိမ်လည်၍ အထက်အရာရှိကြီးများအား ပြောဆိုချင်းမရှိပါဟု ပြောဆိုက ငွေကြေးပစ္စည်းဥစ္စာများကို ပေးကမ်းက နှုတ်ပိတ်စေလေသည်။) အင်တာနက်သတင်းဌာနပေါ်ရောက်လည်း ကိစ္စမရှိဘူး ဟု၍လည်း ပြောဆိုတတ်ပါသည်။ နောက်ပိုင်းတွင် မြို့နယ်အသီးသီးမှ ၀န်ထမ်းကြီးငယ်များထံမှ ငွေကြေးလက်ဆောင်များ မတန်တစ်ဆတောင်းယူပြီး ဟိုလူကြီးကန်တော့ရန် ဒီလူကြီးကန်တော့ရန် ဆိုကာ “မျောက်ပြဆန်တောင်း” နေပါသည်။

ဦးစိုးပိုင်မြင့်သည် အင်တာနက်စာမျက်နှာပေါ်တွင် ရောက်ရှိပါကလည်း ကိစ္စမရှိဘူး၊ မမှုဘူး၊ မကြောက်ဘူး ဟု အမြဲပြောဆိုနေသည် စုံစမ်းရေးအဖွဲ့ဟု ခေါ်ဆိုသော် “SP” “စစစ” နအဖ မှ အထူးအဖွဲ့(စရဖ)များအနေဖြင့် မကြားချင်ယောင်ဆောင်၍နေသလား မသိသာလား သုံးသပ်ဖို့လိုပေသည်။ ဦးစိုးပိုင်မြင့်လို အာဏာပြ နိုင်လိုထက်စီး အထက်ဖား အောက်ဖိ လုပ်ရပ်များနှင့် ပြုမှုနေသော လူမျိုးသည် အသားစားကျားလို ဖြစ်နေတတ်သည်။ အသားစား ကျားပေါက်တို့အား ငယ်စဉ်ကတည်းက ပြုမှုမထိန်းကျောင်းနိုင်လျှင် ကြီးလာသောအခါ ငယ်စဉ်ကထက် ပိုမိုဆိုးသွမ်း၍ အသားစားကြူးကာ အားလုံးဒုက္ခရောက်တတ်ပေသည်။ ဤဥပမာ အားထောက်၍ လမ်းမှားနေသည်ကို ပြုပြင်ပေးစေလိုပြီး အသားစားကြူးသော ကျားအား ထိန်းကျောင်းသလို ထိန်းကျောင်းတတ်ဖို့ အထက်အရာရှိကြီးများ လူကြီးမင်းများအနေဖြင့် လိုအပ်သည်ဟု ယူဆမိပေသည်။

လ၀ကပြည်နယ်မှူး ဦးစိုးပိုင်မြင့်သည် ၎င်းနှင့် မသင့်မမြတ်သောသူများ၊ ၎င်းအား မပေးမကမ်းသော သူများအား အထက်မှနေရာချထားပေးသော ဒေသများ၌ မနေစေလိုဘဲ ၎င်းစိတ်တိုင်းကျ နေစေလိုသော ဒေသသို့ ၎င်းသဘောအတိုင်းသာ ပို့ဆောင်စေလွှတ်လျှက်ရှိနေကြောင်းအား အထက်အရာရှိကြီးများအား သိရှိနေစေရန် ရည်ညွန်း၍ ထပ်မံတင်ပြအပ်ပါသည်။

သို့ဖြစ်ပါ၍ အထက်လူကြီးများ သိရှိစေရန်နှင့် ၎င်းအား ဆက်လက်လွှတ်ထားပါက ၎င်းအား ငွေမပေးကမ်းနိုင်သော ၀န်ထမ်းများ၊ ပြည်သူလူထုများ နစ်နာဖွယ်သာရှိပါတော့သည်ဟု ခံစားရသူများမှ ပြောကြားလာပါသောကြောင့် လ၀ကပြည်နယ်မှုး ဦးစိုးပိုင်မြင့်အား တိတ်တဆိတ်စုံစမ်းမှုများပြုလုပ်မှသာ ၎င်း၏ ဘီလူးခေါင်း ဆောင်းထားသော ရုပ်သဏ္ဍာန်အား ထင်ရှားပေါ်မြင်လာမည်ဟု ယူဆမိပါသည်

(မြန်မာနိုင်ငံရှိ ၀န်ထမ်းများ/ပြည်သူများမှာ ရာထူးကြီးမားသည့် အရာရှိကြီးများ၏ မတရားသည့် လုပ်ရပ်များအား အဖြစ်မှန်ကို မည်သူမျှ တင်ပြရဲခြင်း မရှိသည်ကို သတိချပ်စေလိုပါသည်။
ရှမ်းသံတော်ဆင့်မှတဆင့် အများပြည်သူသိရှိစေရန် တင်ပြအပ်ပါသည်။)Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်