Sunday, October 17, 2010

" သက်ဝင်းအောင်အတွက် အမှတ်တရ ”(ရီးငယ်)


oct15,2010
ခုလောက်ဆို ကျမ အမေနဲ့ သက်ဝင်းအောင် ကောင်းကင်ဘုံမှာ တွေ့နေကြရောပေါ့။ မေမေကလည်း ကောင်းတာတွေ လုပ်တယ်၊ လူတွေကို ကူညီတတ်တယ်၊ သိပ်ရက်ရောတယ်၊ လှူတယ်..တန်းတယ်။

သက်ဝင်းအောင်ကျတော့ရော…။သူ့ကိုတွေ့လိုက်ရင် အမြဲ ပြုံးပြီးတော့ ရှိနေတာကို တွေ့ရတယ်။ ကျမ သိသလောက်တော့ သူက စိတ်ကောင်းလဲ ရှိပါတယ်၊ သူငယ်ချင်းတွေ အတွက်ဆို အနစ်နာခံဖို့ အသင့်ရှိပုံ ရတယ်။ ဒီမိုကရေစီ အရေးနဲ့ တိုင်းရေးပြည်ရေးအ တွက်ကတော့ သူက တော်တော် စိတ်အားထက်သန်လှတယ်။

သူတို့ ၂ ယောက်လုံးက ကောင်းတာတွေ လုပ်ခဲ့ကြပေမယ့်... ခုတော့ ကျမ မေမေရော…၊ ကျမရဲ့ သူငယ်ချင်းဖြစ်တဲ့ သက်ဝင်းအောင် ရောက.. ကျမတို့တွေရဲ့ အနားမှာ မရှိကြတော့ဘူးလေ..။

ကျမရဲ့မေမေ ဆုံးသွားတာက၊၂၀၀၃-နိုဝင်ဘာ၂၄မှာ- အို-နာ..ဆိုတဲ့ လူကြီးရောဂါနဲ့ အသက် ၇၈ နှစ်မှာ ဆုံးသွားတယ်။ ဒါက သိပ်မဆန်း ပေမယ့်... သက်ဝင်းအောင်ကျတော့ ၂၀၀၆-အောက်တိုဘာ-၁၆မှာ -သေဆုံးချိန် မတန်သေးတဲ့ အသက် ၃၅ နှစ်အရွယ်မှာ…......ဆုံးသွားတာ....။

သေခြင်းတရားဆိုတာ၊ ကြီး၊ ငယ်၊ ရွယ်လတ် မရွေးဘူးဆိုပေမယ့်….....
“သက်ဝင်းအောင်ရယ်…။နင်က သေချိန် မတန်သေးဘူးလေ….။မသေသင့်သေးတဲ့အချိန်- ပြင်ပ ပယောဂတွေကြောင့် သေသွားရတာလေ….။ငါလည်း ထောင်ကျဖူးတဲ့သူပဲ …။ထောင်ထဲမှာ တကယ်ကို ကျန်းမာရေးထိခိုက်လာပြီဆိုရင်…ငါတို့ ဘဝတွေက စိတ်သွားတိုင်း ကိုယ်မပါဘူးဆိုတာ ငါနားလည်ပါတယ်…။အပြင်မှာ ငါတို့ချက်ခြင်း…အထူးကု တစ်ယောက်ဆီ ပြေးလိုက်လို့ ရတယ် …။ချက်ခြင်းဆေးခန်း ထသွားမလား....။ ရတယ်….။ ဒါပေမယ့် နင်တို့ ငါတို့က ထောင်ထဲမှာ ဆိုတော့ …..။

နင်၊ ငါ ။ နောက်.. ငါတို့ အုပ်စုထဲက မျိုးမင်းထိုက်၊ ရန်အောင်စိုးရယ် ..အပြင် တခြား တက္ကသိုလ်ကျောင်းပေါင်းစုံ က ကျောင်းသားတွေ ၂၀၀ ကျော် လောက်က ၁၉၉၈ ခုနှစ် ထဲမှာပဲ ဖမ်းခံခဲ့ကြရတယ်…။နင်၊ ငါနဲ့ ရန်အောင်စိုး၊ မျိုးမင်းထိုက်တို့ က ၁၉၉၈ ခုနှစ်ရဲ့ စက်တင်ဘာ တစ်လထဲမှာပဲ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဖမ်းခံခဲ့ကြတယ်နော်…။ ငါ့ကို ထောင် (၁၀) နှစ်ချတယ်။ ပထမ အင်းစိန်ထောင်မှာ ၇ လ ထားတယ်။ နောက် မော်လမြိုင်ထောင်မှာ ၄ နှစ်နဲ့ ၇ လ ။နောက်တော့ အင်းစိန်ထောင် ရောက်တယ်။ ၂၀၀၄ ဇွန် ၂၄မှာ ငါ အင်းစိန်ထောင်ကနေလွတ်တယ်။

ငါက ခု ထိုင်းနိုင်ငံရဲ့ နယ်စပ်မြို့တစ်မြို့မှာ၊ ရန်အောင်စိုးကတော့ ဗမာပြည်ရဲ့တနေရာမှာ လူမှု ကိစ္စတာဝန်တွေနဲ့ ရှိနေတယ်။မျိုးမင်းထိုက်ကတော့ ထောင်ဒဏ် ၅၂ နှစ်ကျပြီး -ခုထိ မြင်းခြံထောင်ထဲမှာ…။

နင်ကရော…။နင့်ကို သူတို့က ဘာလို့ သေပစ်လိုက်စေတာလဲ ဟာ..။နင်ကရော ဘာလို့ သေလိုက်ရတာလဲ….။နင်က ကိုယ့်ဘဝကိုယ်တောင် မနှမြောဘဲ ..ဘာလို့ အဲလောက်တောင် ကိုယ့်ကိုယ်ကို လုပ်လိုက်ရတာလဲဟာ…။

သူတို့ကရော နင့်အရွယ် မောင်၊ ညီမ၊ သား သမီး တွေ ရှိနိုင်ရက်နဲ့ ဒီလောင်တောင် စာနာစိတ် မထားနိုင်လောက်အောင် သူတို့ရဲ့ နှလုံးသားတွေက ဘာလို့ ဒီလောက်တောင် မာကျောနေနိုင်ရက်တာလဲဟာ……။

ငါလေ ထောင်ထဲမှာ သေသွားမှာ သိပ်ကြောက်ခဲ့ တာ….။
ငါ့ရှေ့မှာ ထောင်ထဲက တချို့တွေ အရွယ်ကောင်းရဲ့နဲ့…ရုတ်တရက်ကြီး....... သေသွားလိုက်တာ…။ငါလေ သိပ်အားငယ်ခဲ့တာပဲ……..။

နင်သေသွားတာ ငါတကယ်ပဲ မယုံနိုင်ဘူး…။ခုချိန်ထိ..နင်တနေရာရာမှာ ရှိနေနိုင်တာပဲ..လို့…။မဟုတ်ဘူးလားဟင်……….။

နင်သိရဲ့လား….။
မနက်ဖန် အောက်တိုဘာလ ၁၆ ရက်နေ့ဆို နင်ဆုံးသွားတာ (၄) နှစ်တောင်ပြည့်ပြီ..တဲ့….။ ဒါပေမယ့် ဒီနေ့ည ...ငါရယ် အခြားအသိမိတ်ဆွေ (၄) ယောက်ရယ် ...။ငါတို့ အပြင်ထွက်ပြီး ညစာ သွားစားဖြစ်ကြတယ်။ ငါတို့ နင့်ကို မေ့သွားကြတယ်…။ငါတို့က စားလို့ သောက်လို့ ပျော်လို့ပေါ့ ..။နင့်ကို မေ့နေကြတယ်..။အဲ့လိုပဲ လူတွေ နင့်ကို မေ့နေကြတယ်..။နင့်သူငယ်ချင်းတွေ၊ နင့်မိတ်ဆွေတွေ၊ နင့်ရဲ့လုပ်ဖေါ်ကိုင်ဘက် ရောင်းရင်းရဲဘော်တွေရော …။ဒီတစ်နေ့ နှစ်နေ့ လောက်တော့ သူတို့ နင့်ကို သတိရကြမှာပေါ့လေ…။နောက်တော့လည်း နင့်ကိုပြန်ပြီးမေ့လို့ ...ပျော်လို့ မော်လို့နဲ့ပေါ့……………..။

ငါ့ကို ၂၀၀၃-နိုဝင်ဘာလ၂၇မှာ မော်လမြိုင် ထောင်က လွှတ်ပေးမယ်လို့ သူတို့ ညာပြောပြီး…………. ရန်ကုန်အင်းစိန်ထောင်ကို အဝတ်တစ်တည် ကိုယ်တစ်ခုနဲ့ ငါ…… ပြန်ရောက်လာတယ်…….။
အင်းစိန်ထောင်ထဲက ငါရဲ့ မိတ်ဆွေ တစ်ချို့က ….ငါ့ကို အစားအသောက်တွေ ထောက်ပံ့ပေးကြတယ်….။ဒါပေမယ့် သူတို့ သတင်းတွေတော့ ပြောလို့မရဘူး..တဲ့……..။

နောက်တစ်နေ့ မနက်…… ၂၀၀၃ -နိုဝင်ဘာလ၂၉ ရက်-။
အင်းစိန်ထောင်မှာ ထောင်ဒဏ် ၁၇ နှစ် နဲ့ မတရားထောင်ချခံထားရပြီး -ခုထိ…ဆက်လက် အကျဉ်းကျခံထားရတဲ့ အကျိဌေး(မဌေး)က ငါ့ကို ..(သူတို့ အပြင်ခေါ်ထုတ်ဖို့ စီစဉ်နေချိန်မှာ) လက်ကိုင်ပုဝါလေး တစ်ထည်ပေးတယ်….။
ထောင်ထဲကပြန်လွတ်တော့မှာလား..လို့ ကိုယ့်ကိုယ်ကို သို့လော..သို့လော..ထင်နေတဲ့ငါ….။
သူ့ရဲ့မျက်လုံးတွေကို ဖတ်ကြည့်ပြီး.. ဒါ --ငါ ထောင်ထဲက ပြန်လွတ်မယ့် အတိတ်နိမိတ် မဟုတ်ဘူး..လို့ ..နိမိတ်ဖတ်နိုင်ခဲ့ပေမယ့် --ငါ့အမေရဲ့ ဈာပန အခမ်းအနားကို တက်ရောက် ရလိမ့်မယ်..လို့တော့ နိမိတ်မဖတ်နိုင်ခဲ့ဘူး……။

ငါလေ အပြင်လောကကြီးနဲ့ မတွေ့ရတာ ၅ နှစ်နဲ့ ၂ လ တောင် ကြာပြီဆိုတော့ -အပြင်လောကကြီးကို ခြေချလိုက်ရတာ ခြေထောက်တွေက ကြွနေတယ် ။ သူငယ်ချင်းမိတ်ဆွေတွေကို တွေ့ရတာ ငါ ဝမ်းသာနေတယ်…။ငါလေ ..ငါရဲ့ ထောင်ရုပ်ပေါက်နေတဲ့ ရုပ်ကို အပြင်ကို ချပြလိုက်ရတာ ရှက်နေတယ်….။

အမေက သေသွားပြီလား ။အမေက ဒီဘ၀အတွက် နေတဲ့ အချိန်စေ့လို့ ဆုံးပါးခဲ့ပေမယ့်...... ရုတ်တရက်ကြီး....................အမေရဲ့ ရုပ်အလောင်းကို ကြည့်ပြီး တော့ ငါ မငိုနိုင်ခဲ့ဘူး……။
ဈာပနပြီးပြီးချင်း ငါ့ကို သူတို့ အင်းစိန်ထောင်ထဲ ပြန်ပို့လိုက်ကြတယ်။

သက်ဝင်းအောင်ရယ်…..။
ငါ့အမေ ဈာပနကို ငါ လာတွေ့ခွင့်ရတော့...နင့်အဖေက ပြောတယ်..တဲ့ ။
ဒီလိုသာ မိသားစုတွေ၊ မိတ်ဆွေတွေ့နဲ့ ပြန်တွေ့ခွင့်ရနိုင်ခဲ့မယ် ဆိုရင် -သူ့သားနဲ့ သူ့အမေ ပြန်တွေ့ဖို့ -ကျနော် သေပေးလိုက်ချင်တယ်ဗျာ…တဲ့….။

င့ါအမေကရော ....၊ ငါ အပြင်ကို ခဏလေးပဲ ရောက်ပြီး ..ပျော်ရွှင်ပါစေ။ သူ့ရဲ့ အဖေ၊ မိသားစုတွေ၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ တွေ့ပါစေ ။ငါထောင်က အမြန် ပြန်လွတ်လာပြီး အပြင်ကမ္ဘာလေးမှာ ပျော်ပါစေ...ဆိုပြီး သေပေးလိုက်တာလား..ဟင်….။ သူ့ဘဝကြီးနဲ့ ငါ့ရဲ့ဘဝကို ပေးလဲလိုက်တာလားဟင်……။

ငါတို့ ဗမာပြည်မှာ မိသားစုတွေ စုံစုံလင်လင်နဲ့ ပျော်ရွှင်ခွင့် မရကြဘူး…။
ငါတို့အိမ်မှာ ငါ့အမေကို ပေးလိုက်ရတယ်…။
နင်တို့ အိမ်မှာ နင့်ကိုပေးလိုက်ရတယ်…..။
ဗမာပြည်မှာ မိသားစုတိုင်း ဘ၀တွေ-အသက်တွေ ပေးဆပ်နေကြရတယ်။

ငါ့ အမေဆုံးပြီး ( ၇ ) လ နေတော့ ..ငါ ထောင်က လွတ်လာတယ်….။
ငါလေ ဘယ်သူမှ မသိအောင် အမေ့ကို တိတ်တိတ်လေး လွမ်းပြီး ငိုတယ်…။

ခုချိန်ဆို နင့်အမေလေ ..ဘယ်သူမှ မသိအောင် နင့်အတွက် တိတ်တိတ်လေး ငိုနေရောပေါ့……။ ။"

နင့်သူငယ်ချင်း-

(ရီးငယ်)

( အောက်တိုဘာလ ၁၅ ရက်၊ ၂၀၁၀)
ည သန်းခေါင်ကျော် ၁၂နာရီ ၂၀ မိနစ်

(စာရေးသူသည် မြန်မာပြည်အကျဉ်းထောင်များတွင် နှစ်ရှည် အကျဉ်းချခံခဲ့ရသော ပြည်ပရောက်နိုင်ငံရေးအကျဉ်းသူဟောင်းတဦးဖြစ်သည်။)

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်