မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၂၁ ရက်
၂ဝ၁ဝ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်းများ၊ ဆောင်းပါးများ၊ တွေ့ဆုံမေးမြန်းမှုများကို ပြည်တွင်းပြည်ပ သတင်း ပုဂ္ဂလိကမီဒီယာများတွင် စဉ်ဆက်မပြတ် ဖော်ပြလာကြသည်။
Myanmar-Journalနှစ်ပေါင်း ၂ဝ အတွင်း ပထမဆုံး ကျင်းပမည့် နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ဖော်ပြချက်များကို ပြည်တွင်း ပုဂ္ဂလိက သတင်းမီဒီယာများအနေဖြင့် အတော်အသင့် ရေးသားခွင့် ရရှိကြပြီး၊ ကြံ့ဖွံ့ပါတီအပေါ် ဝေဖန်ထောက်ပြမှုများ၊ ၁၉၉ဝ ခုနှစ်အတွင်းက ရွေးကောက်ပွဲ အခြေအနေများကို ပြန်လည်ဖော်ပြ ရေးသားခြင်းများကို ဖော်ပြခွင့်မရှိဟု သိရသည်။ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ဂျာနယ်ထုတ်ဝေမှုနှင့် ပတ်သက်သည့် အခြေအနေများကို သိရှိနိုင်ရန် နိုင်ငံရေး သတင်းများကို ဦးစားပေး ဖော်ပြလေ့ရှိသည့် ပြည်တွင်း သတင်းဂျာနယ်တခုမှ အယ်ဒီတာတဦးကို မဇ္ဈိမက မေးမြန်းကြည့်ရာ -
“မဲပေးဖို့ လှုံ့ဆော်တဲ့ သဘောမျိုး ကျနော်တို့ ရေးလို့ရတဲ့ အနေအထားကို ရှိတယ်။ တစ်ပါတီနဲ့ တစ်ပါတီ တိုက်ခိုက်တာမျိုးကို လက်မခံပါဘူး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီပေါ့နော်၊ ဒါမျိုးတွေမှာ ကျနော်တို့အတွက် သတိထားရေးရတဲ့ အနေအထားမျိုး ရှိတာပေါ့ဗျာ။ နောက်ပြီးတော့ ၉ဝ တုန်းက အခြေအနေကို တချို့ဟာတွေ ပြန်သွင်းရာမှာ ကျနော်တို့အတွက် အဆင်မပြေဘူး။ ဘယ်လိုလွတ်လပ်ခွင့်ရှိတယ်၊ ဘယ်လိုလုပ်ခွင့်ရှိသလဲ အဲဒါမျိုးတွေ ပြန်ပြီးလုပ်တဲ့ ဟာမျိုးမှာတော့ မရပါဘူး။ ကျန်တဲ့အပိုင်းမှာတော့ တော်တော်များများကို ဖော်ပြခွင့်ရှိပါတယ်။ တော်တော်များများလည်း ပြောနိုင်ကြပါတယ်” ဟု သူက ဖြေကြားသည်။
ရန်ကုန်အခြေစိုက် နာမည်ရ ဂျာနယ်များဖြစ်သည့် မြန်မာတိုင်းမ်၊ ရန်ကုန်တိုင်းမ်၊ Weekly ၊ The Voice ၊ Monitor စသည့် ဂျာနယ်များတွင် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်းများကို ကဏ္ဍခွဲတခုအနေဖြင့် ဖော်ပြလာသည်ကို တွေ့လာရပြီး ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်းများကို ကျယ်ပြန့်စွာ ဖော်ပြခွင့် ရလာသည်ဟု အခြားဂျာနယ် တခုမှ အယ်ဒီတာတဦးက ပြောသည်။
“လွန်ခဲ့တဲ့ နှစ် ၂ဝ ထက်စာရင်တော့ ဒီအချိန်က နိုင်ငံရေးပါတီနဲ့ ပတ်သက်ပြီးတော့၊ နိုင်ငံရေးအကြောင်း ရေးရတာကတော့ အလွတ်လပ်ဆုံးအချိန်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက နိုင်ငံရေးပါတီမှာ လုပ်နေတဲ့ လွှတ်တော်ရဲ့ ကိုယ်စားလှယ်လောင်း တချို့တွေကလည်း အရင်တုန်းက နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ထောင်ကျခဲ့ဖူးတာတို့၊ အကြောင်းကြောင်းကြောင့် အထိန်းသိမ်းခံခဲ့ရတာမျိုးတော့ ရှိခဲ့ကြတာပဲ။ အဲလူတွေအကြောင်း ရေးတဲ့အခါ အရင်တုန်းက ပေးမရေးဘူး။ အခုရွေးကောက်ပွဲ လုပ်တော့မယ် ရွေးကောက်ပွဲဥပဒေ ထွက်လာပြီ။ နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်ပြီး ရေးတဲ့အခါမှာကျတော့ တော်တော်များများ လွှတ်ပေးတယ်။ ဒါက အရင်ထက် စာရင်တော့ ပိုလွတ်လပ်လာတာပေါ့” ဟု သူက ဆိုသည်။
No comments:
Post a Comment