Saturday, December 4, 2010

ဒီလိုစိတ်ကူးတွေရှိတယ် (၂) ကိုလူသစ် ဘလော့်ခ် မှ

(လေးစားပါတယ်ကိုလူသစ်) ဒီလိုစိတ်ကူးတွေရှိတယ် (၂)Nov 24, 2010
အရင်ပို့စ်မှာ စိတ်ကူးတွေလာရေးသွားတဲ့သူတွေ လူစိတ်မဖျောက်နိုင်ကြသေးဘူးထင်ပါရဲ့။ အဘတို့ စံချိန်စံညွှန်းတွေကို သိတ်မမှီချင်ကြသေးဘူး။ ဒီထက်ပိုပြီး ရက်စက်ယုတ်မာကောက်ကျစ်တဲ့ အကြံဥာဏ်မျိုးလိုနေသေးတယ်။ လောလောဆယ်တော့ ရသလောက်လေး မှတ်တမ်းတင်ထားလိုက်ပါအုန်းမယ်။ "ဘယ်လိုလုပ်မယ်"ဆိုတဲ့အကြောင်းရေးတာဆိုတော့ "ဘယ်သူလုပ်မယ်"ဆိုတဲ့အကြောင်းကိုတော့ ခဏချန်ထားခဲ့ပါအုန်းမယ်။ စိတ်တော့မရှိပါနဲ့။ တကူးတက လာကော်မန့်တာ ကျေးဇူးတင်ပါတယ်။ ခုလောလောဆယ်တော့ ဖြစ်နိုင်စရာ အများဆုံး အဘတို့ကိုပဲ ဦးတည်ထားလိုက်ပါအုန်းမယ်။ စိတ်ပိုင်းဆိုင်ရာ၊ တိုက်ခိုက်မှုအတွက်လဲ ခဏချန်ထားခဲ့ပါမယ်။ အခြေအနေပေးရင် နောက်တပို့စ်အနေနဲ့ရေးပါမယ်။

* အစားအသောက်မှာ အဆိပ်ခပ်မယ်။
* အားပေးသူတွေကြားထဲ ရောဝင်ပြီး (အနီးကပ်)စကေဘာနဲ့ထိုးမယ်။
* ကားအက်စီးဒင့်ဖြစ်အောင်လုပ်မယ်။
* မတော်တဆမှုမျိုး ဖန်တီးမယ်။
* စနိုက်ပါနဲ့ ချောင်းပစ်မယ်။
* အိမ်ထဲဝင်ပြီး တိတ်တဆိတ် သတ်သွားမယ်။
* ဒီပဲယင်းလို ထပ်ဖန်တီးမယ်။
* ချိန်ကိုက်ဗုံးထောင်မယ်။
* ပါဆယ်ဗုံး၊ စာအိတ်ဗုံးပို့မယ်။

အဲ့...ပြောမဲ့သာပြောတာ၊ သိတ်တော့ မနည်းဘူးပဲ။
ဘာမှ သိတ်မပြောရသေးခင် အခြေခံမူလေးတော့ ချလိုက်ပါအုန်းမယ်။ အကျင့်ပါနေလို့။ ချွင်းချက်လို့လဲ ပြောလို့ရတာပေါ့။ အဘတို့အတွက်က ကိုယ့်ကုလားထိုင် ဘယ်လောက်လှုပ်လာသလဲဆိုတာပေါ် မူတည်ပြီး "မလုပ်နိုင်ဘူး၊ မလုပ်ရဲဘူး၊မလုပ်လောက်ဘူး" ဆိုတာ လုံးဝမရှိဘူး။ "မလုပ်သေး" တာပဲရှိတယ် ဆိုတာလေးပါ။

ဆိုတော့ကာ ချိန်ခွင်ကြီး လျှာဇောက်ထိုးဖြစ်မနေချိန်၊ ဟိုဖက်ဒီဖက် အားပြိုင်နေချိန်လောက်မှာ ဘယ်နည်းလမ်းတွေကဖြစ်နိုင်တယ်။မဖြစ်နိုင်ဘူးဆိုတာ နဲနဲလေပေါကြည့်လိုက်ရအောင်။ ခရေဖြူပြောသလို နည်းပေးလမ်းပြလုပ်သလိုဖြစ်နေလိမ့်မယ်ထင်ရင်တော့ အဘတို့ကို သိတ်အထင်သေးရာရောက်ပါလိမ့်မယ်။

တကယ်လို့ တခုခုသာဖြစ်ကြည့်၊ ဘယ်သူပဲဖြစ်ဖြစ် အဘတို့ကိုပဲ လက်ညှိးထိုးမှာပါပဲ။အဲ့ဒီအခါကျရင် ပြည်သူပြည်သားကိုတော့ သိတ်ဂရုစိုက်နေမှာမဟုတ်ပါဘူး။ အလေးထားဖြေရှင်းနေမှာမဟုတ်ဘူး။ အဘရဲ့အဖေတွေနဲ့ အဘမျက်နှာချိုသွေးချင်နေတဲ့သူတွေကိုတော့ တခုခု ပြေလည်ရာ ပြေလည်ကြောင်း ဖြေရှင်းချက်ပေးရတော့မှာပါပဲ။ အဲ့လိုပေးရတဲ့အခါမျိုးကြတော့ "တားတားလဲ တိဘူးလေ။ သူရို့ဘာသာ သူရို့....." လို့ အူကြောင်ကြား၊ ဝေ့လည်ကြောင်ပတ် အဖြေမျိုးပေးလို့ရတဲ့ အခြေအနေမျိုးက အကောင်းဆုံးပါပဲ။ဒီတော့ "သိတာသိစေ၊ မမြင်စေနဲ့" ဆိုတဲ့ အဆင့်မျိုးနဲ့ မလုံလောက်တော့ဘူး။

နည်းလမ်း ၂ခုကို ယှဉ်ပြီး စဉ်းစားကြည့်လိုက်ကြရအောင်။ စနိုက်ပါနဲ့ချောင်းပစ်တာနဲ့ အနီးကပ်ပြီး ဓား၊ စကေဘာ၊ စပုတ်တံတို့နဲ့ ကပ်ထိုးတာ။ အဘတို့စီစဉ်ညွှန်ကြားတဲ့ကိစ္စခြင်း အတူတူ၊ စနိုက်ပါနဲ့ပစ်တဲ့သူကို ဖမ်းမမိဘူး ဆိုသည့်တိုင်အောင် ဒါမျိုးက ဖြေရှင်းရခက်မယ်။ အနီးကပ်ဝင်လုပ်ကြံတဲ့သူကြတော့ လူကိုဖမ်းမိမယ်။ အသေမိပဲဖြစ်မယ်။ ဘာလို့လဲဆိုတော့ အနားမှာ ၀ိုင်းရံနေတဲ့ လူအုပ်လက်ချက်နဲ့ တစစီဖြစ်သွားမှာမို့လို့။ ဒီလို အသေသတ်အောင်လဲ လူအုပ်ထဲရောဝင်နေမဲ့ နောက်ထပ် အဘလူ တယောက်၊ နှစ်ယောက်လောက်က လှုံဆော်ပေးလိုက်မှာမို့လို့။ ဒါက တရားခံပျောက်၊ လက်သည်ပျောက် ဇာတ်ကွက်။ "ဒေါ်အောင်ဆန်းစုကြည်ကို လူတိုင်းက ထောက်ခံနှစ်သက်တာမဟုတ်ဘူး။ မကျေနပ်တဲ့ တယောက်က မူးမူးရူးရူးနဲ့ ဓားနဲ့ဝင်ထိုးတာ" ဆိုတာမျိုးနဲ့ ဇာတ်သိမ်းပေးလိုက်လို့ရတယ်။ ဖြေရှင်းရလွယ်တယ်လို့ ယူဆလို့ရတယ်။

နောက်တခုက မီးရထားနဲ့ခရီးသွားတဲ့အခါမျိုးမှာ ရထားလမ်းချော်အောင် လုပ်လိုက်မယ်။ သေမယ်၊ မသေဘူးဆိုတာ ကံသေကံမ ပြောလို့မရပေမဲ့ ပြင်းပြင်းထန်ထန်ဖြစ်အောင်လုပ်လိုက်မယ်ဆိုရင်တော့ သိတ်မလွယ်လှဘူး။ ဥပမာ- တံတားကျိုးကျအောင် စီမံထားလိုက်မယ်။ "ကြားထဲက အပြစ်မဲ့ပြည်သူတွေ အများအပြားသေနိုင်တယ်။ ပြည်သူပိုင်ပစ္စည်းတွေ ဆုံးရူံးနိုင်တယ်။ ဒါကြောင့် မဖြစ်နိုင်ဘူး" လို့တော့ ဘယ်သူမှ တွေးမနေဘူး မဟုတ်လား။

ပါဆယ်ဗုံး၊ စာအိတ်ဗုံးဆိုတာ သိတ်သိသာလှတယ်ထင်ရင် ဟိုတခါက ခေတ်စားခဲ့တဲ့ အန်သရက်ဆိုလား၊ ဘာဆိုလား၊ စာအိတ်ထဲ ဖြူဖြူအမှုန့်တွေ ထည့်ပေးလိုက်တာမျိုးဆိုရင်ကော။ ဒါမှမဟုတ် ရေဒီယိုဓာတ်ကြွပစ္စည်းနဲနဲပါးပါး ထည့်ပေးလိုက်မယ်။ အမြဲတမ်းစကားထွက်ပြောနေကျ ခြံတခါးသံပန်းမှာ တိတ်တဆိတ် လာသုတ်ထားမယ်။ မဟုတ်ရင်လဲ ဇီဝပိုးမွှား ထည့်ပေးလိုက်မယ်။ စိတ်ကူးယဉ်တာ နဲနဲများသွားပြီလား။ မများလောက်ပါဘူးနော။ ဒီလိုနည်းတွေနဲ့ လုပ်ကြံသွားတာ သတင်းတွေထဲ ဖတ်ဖူးခဲ့တာပဲဟာ။ ချက်ခြင်းသေလောက်တဲ့ ပမာဏမဟုတ်ပဲ တရိရိနဲ့ နာမကျမ်းဖြစ်အောင်လောက်ပဲ လုပ်သွားမယ်ဆိုရင် အသက်ကလဲကြီးပြီဆိုတော့ သေမင်းကိုပဲ တရားခံရှာစရာဖြစ်နေတော့မှာပေါ့။

ဖြစ်နိုင်တဲ့နည်းလမ်းတွေကတော့ အများကြီးပါပဲ။ အနီးကပ်လုပ်ကြံမှုကို ကာကွယ်ဖို့အတွက်ကတော့ အကြံပေးကြသလို ကျည်ကာဝတ်စုံဝတ်ထားဖို့ပါပဲ။ စစ်သားတွေဝတ်သလို ထူထူထဲထဲ ပွယောင်းယောင်း ကျည်ကာဝတ်စုံမဟုတ်ပဲ။ သာမာန်အကျီလိုပဲ ဖြစ်နေတဲ့ ကျည်ကာဝတ်စုံမျိုးရှိပါတယ်။ အနောက်နိုင်ငံဖက်က တတ်နိုင်သူများ ၀ယ်လို့ ဖြစ်ရင်လဲ ၀ယ်ဖို့။ မဖြစ်နိုင်ရင်လဲ အဆက်အသွယ်ကောင်းသူများက တခုခုကြံစည်ဖို့ သင့်လှပါတယ်။ ဥပမာ- "ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေးအတွက် (........)သံရုံးက ကျည်ကာဝတ်စုံတခု လက်ဆောင်ပေးတယ်" ဆိုတာမျိုးပေါ့။ အရာရောက်သူတွေကို စည်းရုံးပေးဖို့ပါ။ သိတ်မခက်လှဘူးထင်ပါတယ်။

အနီးကပ်ကာကွယ်သူတွေက ဓာတ်ပုံထဲမှာ တွေ့ရသလောက်ကတော့ လက်ချင်းချိတ်ဆက်၊ ကိုယ်ချင်းကပ်ပြီး ကာကွယ်ထားကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မျက်နှာမူရာ၊ စကားပြောရာအရပ်ကိုပဲ လှည့်ပြီးရပ်နေကြတာတွေ့ရပါတယ်။ တခုခုဖြစ်ပြီဆိုရင် ကိုယ့်အချင်းချင်း လက်ချင်းရှုပ်ရှက်ခပ်ပြီး ချုပ်နှောင်ထားသလိုဖြစ်နေမှာ စိုးရိမ်လှပါတယ်။

တချို့က အရပ်ရှစ်မျက်နှာမျက်နှာမှုပြီး ပတ်ဝန်းကျင်ကို အကဲခတ်နေမယ်၊ တခုခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို လူနဲ့အကာအကွယ်လုပ်ပြီး နီးစပ်ရာ ကား၊ အဆောက်အဦးထဲကို ဆွဲခေါ်ဖို့ လူတယောက် သီးသန့်တာဝန်သတ်မှတ်ပေးထားမယ်၊ (အဲ့ဒီလူက လက်လွတ်ခြေလွတ်ဖြစ်နေရမယ်၊ လုံခြုံရေးနဲ့ ပက်သက်လာရင် ဒေါ်အောင်ဆန်းစုကြည် စကားကိုတောင် နားထောင်စရာမလိုဘူး၊ ဒေါ်အောင်ဆန်းစုကြည်ကို ဆွဲခေါ်သွားဖို့ကလွဲလို့ သူ့မှာ ဘာတာဝန်မှ မရှိဘူး)၊ ကားမောင်းထွက်ဖို့အတွက် လမ်းရှင်းထားမယ်၊ ဆိုရင်တော့ မြင်ရတွေ့ရတာ ပိုပြီး စိတ်ချမ်းသာမိမှာပါပဲ။ လူအုပ်ကြီးကလဲ ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ်တွေ့ရဖို့ထက်၊ ပန်းစည်းပေးရဖို့ထက်၊ လက်ချင်းထိရဖို့ထက် ကိုယ်ချစ်တဲ့သူ လုံခြုံရေးအတွက် ဦးစားပေးပြီး ၁၀ပေ၊ ၁၅ပေ အကွာလောက်မှာပဲ နေရင် သိတ်ကောင်းမယ်ထင်မိပါတယ်။

ခရီးထွက်တဲ့အခါမျိုးမှာ သက်ဆိုင်ရာနယ်ခံတွေက "သူလာမယ်၊ ဘယ်တော့လာမယ်၊ ဘယ်လောက်ကြာကြာနေမယ်၊ ဘယ်ကိုခရီးဆက်မယ်" အစရှိတာတွေကို နယ်မြေခံရဲ၊ စစ်တပ်၊ ထောက်လှမ်းရေးကို သေသေချာချာ တရားဝင် အကြောင်းကြားဖို့ လိုမယ်ထင်ပါတယ်။ "ကြိုသိပြီးသားဟာ၊ ဘာကိစ္စ အကြောင်းကြားရမှာလဲ" လို့ မတွေးပါနဲ့အုန်း။ တခုခုဖြစ်သွားပြီးရင် ဖြေနေကျ ဆင်ဝှေ့ရန်ရှောင်အဖြေတွေ၊ ဝေ့လည်ကြောင်ပတ်အဖြေတွေ မဖြစ်ရအောင်၊ လုံခြုံရေးကိစ္စကို သူတို့ပုခုံးပေါ်ပါ တရားဝင် ကူထမ်းခိုင်းလိုက်တဲ့ သဘောပါ။

ခက်တာက လုပ်ကြံမဲ့သူတွေ "နှပ်ညှစ်တာကမှ ခက်ချင်ခက်ဦးမယ်၊ လူသတ်တာက လွယ်မှလွယ်" ဆိုတဲ့ လက်ယဉ်နေတဲ့ ပရောဖက်ရှင်နယ် လူသတ်သမားဖြစ်နေပြီး အကာအကွယ်ပေးနေကြရတဲ့သူတွေက "အသက်ချင်းလဲ ကာကွယ်ပေးမယ်" ဆိုတဲ့ စိတ်ဓာတ်သက်သက်ပဲရှိတဲ့ သူတွေဖြစ်နေတာပါပဲ။ စစ်ဗိုလ်ဟောင်းတွေက အကြံဥာဏ်ပေးနိုင်ပေမဲ့လို့ စစ်သားနဲ့ ဘော်ဒီဂတ် လေ့ကျင့်သင်ကြားမှုခြင်းက မတူနိုင်ပါဘူး။ လူနဲ့ဘယ်လောက်ပဲ ၀ိုင်းပတ်ကာထားပေမဲ့ စနစ်တကျလေ့ကျင့်ထားတဲ့သူ မျက်စိထဲမှာတော့ လစ်ကွက်၊ ဟာကွက်ဆိုတာ ရှိနေအုန်းမှာပါပဲ။

အကောင်းဆုံးကာကွယ်နည်းလို့ တွေးမိတာ တခုပဲရှိပါတယ်။ "သူတခုခုဖြစ်တာနဲ့ ကုလားထိုင်ပေါ်က ခွေးပြေးဝက်ပြေး ဆင်းပြေးရလိမ့်မယ်" လို့ အဘတို့ ယုံကြည်နိုင်စေလောက်တဲ့ အခြေအနေမျိုး ဖြစ်နေဖို့ပါပဲ။Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်