Sunday, October 3, 2010

ဒါန ပါရမီ ထိုက်တဲ့ ဒို့ နိုင်ငံရေး

ပေးချင်တဲ့စိတ်နဲ့ မျှဝေချင်တဲ့စိတ်နဲ့ မကပ်ငြိတဲ့စိတ်နဲ့ ၀န်မတိုတဲ့စိတ်နဲ့ ရှင်သန်နေထိုင်ခြင်းမှာ ဒါန အရာ မြောက်ကြောင်း ၊ အရင်က ရေးခဲ့ပြီးပါပြီ ။ အခုပြောချင်တာက ဒါန ကို ပိုပြီးအထွဋ်တင်လို့ ၊ ပါရမီ ထိုက်တဲ့ အဆင့်ကို ပြောချင်တာပါ ။
ပါရမီ ဆိုတဲ့စကားလုံးကို အလွန်ပဲရင်းနှီးကြမှာပါ ။ ဒေသနာကလာတဲ့ ပါရမီကို အနက်အဓိပ္ပါယ် သေသေခြာခြာ မသိပါပဲ ၊ ကြုံရာနေရာတွေမှာ သုံးနေကြတာ ကိုလည်း သိကြမြင်ကြမှာပါ ။

ပါရမီ ။ ။ ဒီစကားလုံးကို ထင်ရှားအောင် အလွယ်ဆုံး ( ဒါန ) နဲ့ တွဲစပ်ပြီး ပြောပြချင်ပါတယ် ။
ပေးချင်နေတဲ့ စိတ်ကလေးဟာ ဒါန ထိုက်ပါတယ် ။ ဒါပေမဲ့ မိမိသားသမီး ၊ ဆွေမျိုး ၊ မိတ်ဆွေ ၊ စတဲ့ ရင်းနှီးကြွမ်းဝင်မှုကို အခြေခံထားပြီး ၊ အဲဒီလိုသူတွေကိုမှ ပေးချင်နေတဲ့ စိတ်ကလေးက ဒါန ဖြစ်ပေမဲ့ ပါရမီ အရာ မရောက်ပါဘူး ။ (ဖိတ်ချင်းဖိတ် ကိုယ့် အိပ်ထဲဖိတ်တာ ဒါနပါရမီ မမည်ပါ ခင်ဗျား)

ပေးခြင်းအမှုကိုပြုပြီး အဲဒီကျေးဇူးတရားကို တနည်းနည်းနဲ့ ပြန်ပြီးတော့ အသိအမှတ်ပြုတာကို ရချင်နေခြင်း။ မိမိအကျိုးကိုမျှော်ကိုး ကျော်ကြားမှု အမည်ကို မျှော်ကိုးပြီး ထောင်မြင်ရာစွန့်  လှူဒါန်းခြင်းဟာ လည်း ဒါနပါရမီ အရာ မရောက်ပါဘူး ။ ဒါဆိုရင် သဘောပေါက်မှာပါ ။ အဲဒီသဘောတွေနဲ့ ဆန့်ကျင်တဲ့ (ဒါန) ကတော့ ပါရမီ ထိုက်တယ်ပေါ့ ။ မည်သူ ၊ မည်ဝါ ၊ အယုတ် ၊ အလတ် ၊ အမြတ် .. မရွေး သတ္တ၀ါ ကြီးငယ် မခွဲခြားပဲ ချမ်းသာစေလိုတဲ့ သဘောနဲ့ ပေးလှူခြင်း ၊ စွန့်လွှတ်ခြင်း ၊ အဲဒါမျိုးက ပါရမီ ထိုက်ပါတယ် ။
မည်သူမည်ဝါ မသိသူကို ချမ်းသာစေလိုတဲ့ပေးလှူမှုမှာ ၊ ပြန်ပြီး အသိအမှတ်ပြု တုန့်ပြန်မှု တစုံတရာကိုမျှ မလိုပဲ ၊ လွတ်လွတ် စွန့်လှူ ခြင်းမျိုးမှာ ပါရမီ ထိုက်ပါတယ် ။ အဲဒီဒါနမျိုးကို ပါရမီထိုက်တဲ့ဒါန ( ဒါန ပါရမီ ) လို့ ဆိုတာပါပဲ။
ပြန်ပြီးရလိုမှူကင်းတဲ့ ပုဂ္ဂိုလ်သတ်မှတ်ချက်မပါပဲ လွတ်လွတ်စွန့်လှူတာကို( ကိုယ်ကျိုးမဖက် ) လို့ ပြောရင် ရမှာပါနော် ။ မနှိုင်းယှဉ်သာပေမဲ့ ၊ ဗုဒ္ဓ အလောင်းလျာတို့ ဘုရားအဖြစ်ကိုရောက်ရှိဖို့ ပါရမီတွေ ဖြည့်ခဲ့ရစဉ် ကလည်း မိမိဥစ္စာပစ္စည်း၊ အသွေးအသား၊ အသက် အထိကို အများချမ်းသာဖို့အတွက် ကိုယ်ကျိုးစွန့်ပြီး လွတ်လွတ် စွန့်လှူခဲ့ကြရတာပါပဲ ။ အဲဒီလို စွန့်လှူလို့ ပါရမီထိုက်တဲ့ဒါန ( တနည်း ) ဒါနပါရမီ ဟာ နိဗ္ဗာန်အ ထိရောက်အောင် အထောက်အပံ့ပြုတဲ့ ပညာကိုဖြစ်စေလို့လည်း ( ပါရမီ ) ရယ်လို့ သုံးနှူန်းရတာပါ ။ ( ပါရမီ ) ထိုက်တဲ့အမှုတိုင်းဟာ ( ပညာ )ကို ကြီးရင့်စေပြီး ၊ နိဗ္ဗာန်ကို အထောက်အပံ့ပြုပါတယ် ။ အရှင်းဆုံးပြောရရင် ( ပါရမီ ) ဆိုတာ နိဗ္ဗာန်မရောက်မီစပ်ကြားမှ စလို့ နိဗ္ဗာန်ရောက်သည်အထိ ( ပညာ ) အရာကို ရင့်ကျက်စေတဲ့ ကုသိုလ်မျိုး ၊ အဆင့်မြင့်တဲ့ သူရဲကောင်း တို့ ဖြည့်ကျင့်ရသော အမှု ၊ ကိစ္စ ကို ဆိုပါတယ် ။
ခေါင်းစီးစကားလုံးဆီကို ပြန်သွားကြရအောင် ။ ဒီကနေ့ စစ်အာဏာရှင်အောက်က လွတ်မြောက်ဖို့ တိုက်ပွဲဝင် နေသူတွေထည်းမှာ ၊ အချောင်သမား ( ဝေလေလေ ) တွေရှိနေသလို ။ မိမိအသက်ခန္ဓာကို စွန့်လှူပြီး အကြောက်တရားကင်းကင်းနဲ့ ။ အယုတ်အလတ်အမြတ် မရွေးပဲ အများချမ်းသာဖို့ ရည်ရွယ်
ချက်တစ်ခု ထည်းနဲ့ ။ လွတ်လွတ်စွန့်လှူပြီး တိုက်ပွဲဝင်နေသူတွေရှိပါတယ် ။
ဒေါ်အောင်ဆန်းစုကြည်မှသည် ..(၈၈)ကျောင်းသားများ ..ကိုဇာကနာ ၊ ဇေယျာသော် ၊ကိုကျော်သူ တို့လို အနုပညာရှင်တွေ ၊ အတတ်ပညာရှင်တွေ ၊ ဖြူဖြူသင်း။ စုစုနွေး နော်အုန်းသန်း တို့လို ရဲရဲ တောက်တိုက်ပွဲဝင်နေသူတွေနဲ့ ၊ အညတြ မထင်မရှား အသက်ပေး ၊ အဖမ်းဆီးခံ ပြည်သူတွေ ၊ ကျောင်းသားတွေ ၊ဒီပဲရင်းမှာ လူမသိသူမသိ အလောင်းတောင်ပြန်မရပဲ အသက်ပေးလှူခဲ့ကြတဲ့ ၊ NLD အဖွဲ့ဝင် တွေနဲ့ ဒေသခံပြည်သူ တွေ ၊ သတင်းထောက်တွေ ၊ IT ပညာရှင်တွေ ၊ စာရေးဆရာ ကဗျာဆရာတွေ ၊ မြောက်များစွာတို့သည် အသွေးအသား အသက်တွေကို မိမိမသိသော အများ ပြည်သူ ချမ်းသာရေးအတွက် ပါရမီထိုက်သော ဒါန ( ဒါန ပါရမီ ) ပြုနေကြသူတွေ ၊ ပြုခဲ့ကြသူတွေပါ ။ သူရဲကောင်းတို့ရဲ့ စွန့်လွှတ်ခြင်းများနဲ့ ဖြည့်ကျင့်တဲ့ သူတွေပါ ။ ဒီအတွက် အချည်းနှီး အညံ့စား ကိုယ်ကျိုးရှာတဲ့နိုင်ငံရေးမဟုတ်ပဲ ။
(ပါရမီထိုက်တဲ့ နိုင်ငံရေး )လုပ်နေသူတွေပါလို့ ပြောလိုပါတယ် ။
ဒီနိုင်ငံရေးမျိုးဟာ ခေတ်အဆက်ဆက် သူရဲကောင်း အာဇာနည်တွေသာ လုပ်နိုင်တဲ့ နိုင်ငံရေးပါ ။
ပါရမီထိုက်တဲ့နိုင်ငံရေးကို မျိုးဆက်သစ်တွေလည်းလုပ်နေပါပြီ ။ ၈၈ ကျောင်းသား ကိုမြအေး ၏ သမီးဖြစ်သူ ( မ ဝေနှင်းပွင့်သုန် ) ဟာလည်း ။ မိဘ များကိုစွန့်ခွါပြီး ၊ အမိမြန်မာနိုင်ငံကြီး လွတ်မြောက် ဖို့အတွက် United Kingdom (England ) နိုင်ငံမှာ ရဲရင့်ပြတ်သားတဲ့ တိုက်ပွဲများကို ၊ လွတ်လွတ်စွန့်ပြီး သူရဲကောင်း အာဇာနည် စိတ်ဓါတ်နဲ့ ဒါနပါရမီ ထိုက်တဲ့ နိုင်ငံရေးကိုလုပ်နေပါပြီ ။
တိုင်းပြည်နဲ့ လူမျိုးအပေါ် စေတနာမှန်တဲ့ သူတွေလုပ်တဲ့ နိုင်ငံရေးက ကိုယ်ကျိုးရှာ ငါကောင်းစားရေး ၊ လုပ်တဲ့ ခပ်ညံ့ညံ့ အပေါစား နိုင်ငံရေးမဟုတ်ဘူး ။ သူရဲကောင်းတွေမှ လုပ်နိုင်တဲ့ ၊ ပါရမီထိုက်တဲ့ နိုင်ငံရေးပါ လို့ )
သူရဲကောင်းများ ပေါ်ထွန်းပါစေ ။ ကိုယ်ကျိုးစွန့် ပါရမီ ပြောင်မြောက်သော မျိုးချစ်အာဇာနည်များအား ဤနေရာမှ မှတ်တမ်းတင် ဂုဏ်ပြုပါ၏။

မေတ္တာဖြင့် ။။။။။။။ ( အ . ဘ . ယ )

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်